လက်ရှိဘောလုံးလောက တွင် သင် အကြိုက်ဆုံး
ဘောလုံးသမား မှာ မည်သူဖြစ်ပေ သနည်း? ထိုမေးခွန်း ၏ အဖြေကိုဖြေကြည့် ပါလော့။
ယေဘုယျ အားဖြင့် ဆိုရသော် သင်၏ အဖြေသည် စီရော်နယ်ဒိုနှင့် မက်စီတို့ အနက်
တစ်ဥိးဦး သာဖြစ်ဖွယ် ရှိပေသည်။ ဒုတိယ ဦးစားပေးအနေဖြင့် ဇာဗီ ၊
အင်နီယေစတာတို့ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏ ။
သို့ ရာတွင် သင် သည် မန်ယူမှ မန်ယူ ဆိုသော
သူရဲနီ ပရိသတ် တစ်ဦးဖြစ် ခဲ့လျှင်မူ သင်သည် ၀ိန်းရူနီ ကို အကြိုက်ဆုံးဟူ
၍လည်း ဆိုနိုင်ပေ သည်။ ကြိုးကြာနီ ပရိသတ် ဆိုပါက ဂျရတ်၊ ဆွာရက်စ် တို့
ဖြစ်နိုင်ပြီး အာကြီး ခရေဇီဖြစ် ခဲ့လျင်မူ သင် သည် ဗန်ပါစီ၊၀ဲလ်ကော့ တို့
ကို အကြိုက်ဆုံး ကစားသမားဟု ဆိုချင် ဆိုပေလိမ့်မည်။ အကယ်၍ သင် သည် ဂန္ဓ၀င်
ကစား သမား များကို နှစ်ခြိုက် သူဆိုပါက ပီလီ၊ မာရာဒိုနာ၊ အဲရစ်
ကန်တိုနာတို့ကို သော် လည်းကောင်း ဇီဒန်း၊ ဒိုကြီး၊ ဘက်ဂီရို၊ ကန်နဗာရိုး
တို့ကို သော်လည်းကောင်း သင်၏ အကြိုက်ဆုံး ကစားသမား အဖြစ် ရွေးချယ်ပေ
လိမ့်မည်။ သို့ရာတွင် သေချာ သည် ကတော့ ကိုရီးယားမှ ပက်ဂျီဆန် ကဲ့သို့သော
ကစားသမား ကိုမူ သင်၏ အကြိုက်ဆုံး ကစားသမား အဖြစ် မည်သို့ မျှ ရွေးချယ်
လိမ့်မည် မဟုတ်ပေ။
ကျွန်တော် ကတော့ အများ တကာထက် အနည်းငယ်
ထူးခြားသည်ဟု ဆိုရ မလိုပင်။ ကျွန်တော် အကြိုက်ဆုံး ကစားသမား မှာ ပက်ဂျီဆန်
ကဲ့သို့  အာရှတိုက်မှ ကစားသမား တစ်ဦးပင် ဖြစ်သည်။ သို့ ရာတွင် ပက်ဂျီဆန်
ကဲ့သို့ နာမည်ကျော် ကစားသမား တစ်ဦး မဟုတ် သလို ပက်ဂျီဆန် လောက်လည်း
ခြေစွမ်း မကောင်း လှသော ကစားသမား ပင်ဖြစ်၏။ သူ၏ မွေးရပ်မြေမှာ အာရှ
တိုက်ကြီး နှင့် နှိုင်းစာသော် သေးငယ်သောနိုင်ငံငယ်လေး မှ ဖြစ်၏။ ကမ ၻာ့
လူဦိးရေ၏ ၁ ရာခိုင်နှုန်း မျှသာ နေထိုင်သော ထိုနိုင်ငယ်လေး တွင် သူ့ကို
မွေးဖွား ခဲ့ပေသည်။
သူမွေးဖွားရာနိုင်ငံလေး မှာ သေးငယ်
လှသော်လည်း ထိုနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၂ခု၏ လူဦးရေကို
ပေါင်းလိုက်ပါမူ ကမ္ဘာ့ လူဦးရေ၏ ၃ပုံ ၁ပုံခန့် ထိပင် ရှိပေ၏။ လက်ရှိ
အချိန်တွင် အာရှ ဘောလုံးလောက၌ ထိုနိုင်ငံငယ်လေး ၏ ဘောလုံး အဆင့် အတန်းမှာ
နိမ့်ကျ လျှက်ရှိနေ သော်လည်း လွန် ခဲ့သော နှစ်ပေါင်း ၅၀ ခန့် ကမူ
ထိုနိုင်ငံ သည်ကား အာရှတိုက်၏ ချန်ပီယံဖြစ် ခဲ့သော ဘောလုံး အင်အားကြီး
နိုင်ငံ တစ်ခုပေတည်း ။
ထိုနိုင်ငံလေး တွင် ကလေး လူကြီး မရွေး၊
အမျိုးသား အမျိုးသမီး မကျန် ဘောလုံး အားကစား ကို ချစ်မြတ်နိုးကြ ၏။
ဘောလုံးပွဲ ဆိုလျှင် နေပူမရှောင် မိုးရွာ မရှောင် ဘောလုံးကွင်း များ၌
တစ်ခဲနက် အားပေးတတ်ကြ သလို ကမ္ဘာကျော်ဘောလုံး ပြိုင်ပွဲ များ တွင် လည်း
နှစ်နှစ်ခြိုက်ခြိုက် အားပေးတတ်ကြလေ သည်။ ထိုမျှပင် မကသေးပေ။ မြို့ နယ် ၊
ရပ်ကွက် တိုင်း၌ ကမ္ဘာ့ အဆင့်မှီ ဘောလုံး ကွင်းများ မရှိသော်လည်း နီးစပ်ရာ
ဘောလုံး ကွင်းများ၌ ဘောလုံး ကစားကြ၏။ ဘောလုံး အင်အားကြီးနိုင်ငံ
တစ်ခုဖြစ်သော ဘရာဇီး နိုင်ငံ ကဲ့သို့ပင် လမ်းမပေါ် တွင်လည်း နှစ်ခြိုက်စွာ
ဘောလုံး ကစားတတ်ကြပေ၏။ မိုးရွာထဲတွင် ဘောလုံး ကန်ခြင်း သည်ကား
ထိုနိုင်ငံရှိ အမျိုးသား တိုင်း၏ ငယ်ဘ၀ ပုံရိပ်ပင် ဖြစ်ပေတော့ သည်။
ထိုနိုင်ငံ သည်ကား အခြား မဟုတ်။ ယခု စာဖတ်သူနေထိုင်ရာ အရပ်ဒေသ ဖြစ်
သကဲ့သို့  စာရေးသူ ၏ ဇာတိချက်ကြွေ မွေးရပ်မြေ လည်း ဖြစ်သော မြန်မာ
နိုင်ငံပင် ဖြစ်ပေတော့သည်။ ကျွန်တော်၏ ဘောလုံး သူရဲကောင်း မှာလည်း သန်း
၇၀မျှသော ရွှေမြန်မာ တို့ အနက်မှ ဘောလုံးသမား တစ်ဦးပင်ဖြစ်တော့ သည် တကား။
MNL ဘောလုံးပြိုင်ပွဲကြီး
စတင်သောနေ့ကဖြစ်၏။ ထိုနေ့သည်ကား နှစ်ပေါင်း များစွာ နိမ့်ကျနေ ခဲ့သော
မြန်မာ့ ဘောလုံး အဆင့် အတန်းကို ပြန်လည် မြှင့်တင်နိုင်ရန် အတွက်
ခြေလှမ်းသစ်လည်း ဖြစ်ပေသည်။ ၀န်ကြီး ဋ္ဌာနပေါင်းစုံ အပျော်တမ်း ပြိုင်ပွဲများ
၌ ပရိသတ် အားပေးမှု အရေ အတွက်မှာ အလွန်ပင် နည်းပါး လှသော် လည်း ပရို အဖြစ်
ပြောင်းလဲ မှုကြီး၏ အောင်မြင်မှု ကို ယခုလို MNL အဖွင့် ပွဲစဉ်တွင် တွေ
့မြင် ရပေပြီ။ သုဝဏ္ဏ ကွင်းကြီး၏ လေးဘက်လေး တန်သော ပွဲကြည့်စင် များပေါ်ဝယ်
မြန်မာ ဘောလုံး ပရိသတ်တို့ အပြည့်အ၀ နေရာ ယူထားကြပြီဖြစ်သည် ။ ပြည်တွင်း
ဘောလုံး ပွဲစဉ် တစ်ခုမှ ဟုတ်ပါလေစ ဟု တွေးမိ၏။ သို့နှင့် လေးပွင့်ဆိုင်
ဘောလုံး ပြိုင်ပွဲကြီး ကို အမှတ် ရမိပါသည်။ ထိုစဉ် အခါတုန်းက လည်း ယခုလို
ပြည်တွင်း ပွဲစဉ်ကို ယခုကဲ့သို့ ဘောလုံး ၀ါသနာရှင်များ တစ်ခဲနက် အားပေး
ခဲ့ကြဖူးပေ၏။ လေးပွင့်ဆိုင် ဘောလုံး ပြိုင်ပွဲကြီး၏ အောင်မြင်မှု အနေဖြင့်
လူငယ် ကစားသမားကောင်း များ ပေါ်ထွက် လာ သကဲ့သို့ ပင် ယခု MNL ပြိုင်ပွဲကြီး
တွင်လည်း ထိုသို့ ပင် လူငယ် ကစားသမားကောင်း များ အနာဂတ် မြန်မာ
ဘောလုံးလောက အတွက် ပေါ်ထွက် လာ လိမ့်မည်ဟု ကျွန်တော် မျှော်လင့်
မိပေတော့သည်။
ဒိုင်လူကြီး ပွဲခရာမှုတ်လေပြီ။ သို့ နှင့်
ကျွန်တော်လည်း အတွေးစ တို့ ဘေးချကာ ဘောလုံး ပွဲဆီသို့  အာရုံ စိုက် မိ၏။
ကျွန်တော် တို့ ကြည်နေ့ ကျ ပရီးမီးယား လိဂ်နှင့် နှိုင်းစာ ကြည့်လျှင်တော့
ကစားပုံ မှာ များစွာနှေးကွေး၏။ သို သော့်လည်း တစ်မျိုး တစ်ဖုံ ဆွဲဆောင်မှု
ရှိပေ၏။ ကြိုးစားကြ ပါ၏။ ရေကုန်ရေခန်း ယှဉ်ပြိုင်နေကြ သည်။ ထို ပွဲစဉ်
အတွက်ပင် ကျွန်တော် အကြိုက်ဆုံး ကစားသမားကို ရှာဖွေတွေ့ ရှိ ခဲ့ပေတော့သည်။
သူသည် ထို အချိန်က အသက် ၁၉နှစ် မျှသာ ရှိသေး၏။ ကျွန်တော်နှင့် သက်တူ
ရွယ်တူဖြစ်၍လား မပြောတတ်၊ ကျွန်တော် သူ့ ကို လေးစားနှစ်ခြိုက် မိ၏ ။ ထို
အဖွင့် ပွဲစဉ်၌ သူသည် သူ ပါဝင် ကစားသော အသင်း အတွက် အနိုင်ဂိုး ၂ဂိုးကို
သွင်းယူပေးနိုင် ခဲ့ပေသည်။ အလယ်တန်း ကစားသမား တစ်ဦး အဖြစ် သူ ပါဝင် ကစား
ခဲ့ပြီး နောက်ခံ လူများကို လှည့်စား ကာ ကန်ချက် ပြင်းပြင်းဖြင့် ဂိုး
ကန်သွင်း ရယူမှု များကို ယနေ့ တိုင် ကျွန်တော် ၏ အာရုံဝယ် စွဲမှတ် ထင်ကျန်
လျက်ပင် ရှိနေသေးပေသည်။
MNL စတင်ချိန် ၂၀၀၉ ခုနှစ်မှ စ၍
ယခုချိန်ထိ သူ၏ခြေစွမ်း သည် တဖြည်းဖြည်း ပိုမိုကောင်းမွန်လာ ခဲ့သည် ကိုတွေ့
ရ၏။ သူ၏ လေးစားဖွယ်ကောင်းလှသော ကစားဟန် မှာ သူသည် လူချ မကစားတတ်၊ ဟန်ဆောင်
ဒိုင်ဗင်ထိုးလေ့ မရှိ၊ သူ့အသင်း အနိုင်ရ နေလျှင် လည်း အချိန်ဆွဲ မကစား
တတ်ပေ။ ထိုမျှပင် မက သူ့ ကို အရန်ခုံ ထိုင်ခိုင်းပြီး ဒုတိယ ပိုင်းမှ
လူစားလဲ ကစားသမား အဖြစ် အသုံးပြု လျှင် လည်း မငြိုငြင် တတ်ပဲ ထို အချိန်
အခိုက်အတန့်လေး ၌ ပင် အသင်း အတွက် ကြီးမားသော ပံ့ပိုးမှုကို ပြုလုပ်နိုင်ပေ
သည်။ သူ၏ အစွမ်းကြောင့် သရေဖြစ်တော့မည့် အနေအထား တွင် နိုင်ပွဲများ ရရှိ
ခဲ့သလို ရှုံးနိမ့်နေချိန် တွင်လည်း ချေပဂိုး များ အနိုင်ဂိုး များ
သွင်းယူပေး တတ်သေးပေ သည် ။ သူ သည် တီးဗက် ကဲ့သို့ ရဲရင့်သော ကစားသမား
တစ်ဦး လည်းဖြစ်၏။ ကြိုးစား၏။ တက်ကြွ၏။ ကြံ့ခိုင် မှုလည်း ကောင်းလှ၏။
ပြစ်ဒါဏ် အကျူးလွန် ခံရ၍ အနာ တရဖြစ်ကာ လဲကျစေကာ မူ သူသည် အလျှင် အမြန်ပြန်
ထ၍ ကစားနိုင်ရန် ကြိုးစား တတ်၏။ သူ့အား နည်းပြမှ လူစား လဲလျှင် လည်း အခြား
ကစားသမားများ ကဲ့သို့  သူသည် မငြိုငြင်တတ်ပေ။ စိတ်ဆိုးခြင်း သည်ကား
အလျှင်းမရှိ။ သူဝင် ကစား ရသော အချိန်ပိုင်း ကိုသာ အကောင်းဆုံး
ကြိုးစားတတ်သူ တစ်ဦး ဖြစ်ပေ၏။ သူ၏ ကြိုးစား အားထုတ် မှုကြောင့် ဆီးဂိမ်း
တွင်လည်း လက်ရွေးစင် ကစားသမား အဖြစ် ရွေးချယ် ခံရပေသည်။ အကောင်းဆုံး
ခြေစွမ်းပြနိုင် ခဲ့သလို ဂိုးများ လည်း သွင်းယူနိုင် ခဲ့၏။ ကျွန်တော်၏
အကြိုက်ဆုံး ကစားသမား သူသည် ကား ရန်ကုန် ယူနိုက်တက် အသင်း၏ ကွင်းလယ်
ကစားသမား ကြည်လင်း ပင်ဖြစ်တော့သည်။
ကြည်လင်း သည် ယခုချိန် တွင် ရန်ကုန်
ယူနိုက်တက် အသင်း အတွက် ပွဲပေါင်း များစွာ ကစားပေး ခဲ့ပြီး အသင်း အတွက်
ဆုဖလား များလည်း ရယူပေးနိုင် ခဲ့ပြီဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်း
ဖလား၂လုံး ချန်ပီယံဖြစ် ခဲ့သော ၂၀၁၁ ခုနှစ်တွင် သူသည် အသင်း၏ အဓိက ကစားသမား
တစ်ဦး အဖြစ် ပါဝင် ခဲ့သလို ယခုချိန်တွင် လည်း အသင်း၏ မရှိ မဖြစ် ကစားသမား
တစ်ဦးဟု ဆိုရလောက်အောင် ပင် အောင်မြင်မှုများ ရယူနိုင် ခဲ့ပြီဖြစ်သည်။
အကောင်းဆုံး ကစားသမား များတွင် ရှိသင့်
ရှိအပ်သော အရည် အချင်းများ သူ့တွင် ရှိ၏။ ကန်ချက် များကောင်း သလို၊
ခေါင်းတိုက်လည်း ကောင်းပေ၏။ ပွဲချိန်ပြည့် အင်တိုက် အားတိုက် ကစားနိုင်
သလို တည်ကန်ဘောများ လည်း ကျွမ်းကျင် လှ၏။ ကွင်းလယ် ဖန်တီးမှု အားကောင်း သလို
တောင်ပံဖြတ်တင် မှုများ ကိုလည်း ပိုင်နိုင် လှပေ၏။
သူ့လို အရည် အချင်းပြည့်ဝသော လူငယ်
များဖြင့် မြန်မာ့ လက်ရွေးစင် အသင်းကို ဖွဲ့စည်းနိုင် ပါက အရှေ့ တောင် အာရှ
အဆင့်တွင် မကပဲ အာရှ အဆင့်ထိပင် ထိုးဖေါက် အောင်မြင်နိုင် မည်ဟု ယူဆ
မိပါ၏။
ကြည်လင်း သည် ရိုးသား၏။ ပွင့်လင်း၏။
ဟိတ်ဟန် မရှိ၊ ပကတိ တည်ကြည်၏။ ရန်ကုန် ယူနိုက်တက် အသင်း ဆုဖလား ရရှိသောနေ့က
သူနှင့် ကျွန်တော် အင်္ကျီ ချင်း လဲဝတ် ခဲ့ကြ၏။ သူ၏ အင်္ကျီ ကို ယခု ချိန်ထိ
အမြတ်တနိုး ၀တ်ဆင် အားပေး လျက်ပင် ရှိသေး၏။ ထိုအင်္ကျီ ဟောင်းနွမ်း
သွားသည့်တိုင် ကျွန်တော် အမှတ်တရ အနေဖြင့် သိမ်းဆည်း သွားပေဦးမည်။ သူ့ကို
ထိုနေ့က ကျွန်တော်ပြော ခဲ့သည်။ “ခင်ဗျား ဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး
ကစားသမား ဖြစ်လာ မှာပါ။ ခင်ဗျားရဲ့ ကစားပုံ ကို ကျွန်တော် အရမ်း သဘော
ကျတယ်။ ခင်ဗျား က ကျွန်တော် အကြိုက်ဆုံး ကစားသမားပါ ။” ဟူ၍ ဖြစ် သည်။ သူက
လည်း ရိုးရှင်းစွာ ပင်ဖြေသည်။ “ကျွန်တော် အများကြီး လိုပါသေး တယ်။ ကြိုးစား
ရဦး မှာပါ။” ဟူ၍ ဖြစ် သည်။ သူသည် ဖေါ်ရွေသော လူ တစ်ယောက်ဖြစ် သလို
ဟိတ်ဟန် မရှိသော ပွင်းလင်း တတ်သူ လည်းဖြစ်၏။ ထိုနေ့ က သူ အပါအ၀င် ရန်ကုန်
ကစားသမား များနှင့် ကျွန်တော်တို့ ပရိသတ်များ အတူတကွ အောင်ပွဲခံ ခဲ့ကြလေ
သည်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်နှစ်သက်သော ကမ္ဘာကျော် ဘောလုံး
သမားများဖြစ်သည့်  ရော်နယ်ဒို၊ ရူနီတို့  ထက် ကျွန်တော် ကြည်လင်း ကို
နှစ်သက် အားပေး မိ၏။ သူ့ကို အောင်မြင်မှု များစွာ ရရှိစေ လိုသည်။ အထူးသဖြင့်
သူ့ကို မျိုးလှိုင်ဝင်း၊ သန်တိုးအောင်၊ စိုးမြတ်မင်း တို့လို မြန်မာ့
လက်ရွေးစင် ကောင်း တစ်ယောက် ဖြစ်စေ လိုသည်။ သူ၏ ကြိုးစား အားထုတ်မှုနှင့်
အရည်အချင်း တို့ ကြောင့် အောင်မြင်မည် ဟုလည်း ယုံကြည် မိပေသည်။
ယခုနှစ် MNL တွင် လည်း သူ သည် အကောင်းဆုံး
ကစားသမား ဆုကို ရရှိ လိမ့်မည်ဟု ကျွန်တော် တစ်ထစ်ချ ယုံကြည်မိ၏။
အဘယ်ကြောင့် ဆိုသော် သူသည် ကောက်ရိုးမီး မဟုတ် ၊တစ်ငွေ့ ငွေ
့တောက်လောင်နေသော ဖွဲမီးဖြစ်၏။ သူသည် သူ၏ကောင်းမွန်သော ခြေစွမ်း ကို
အမြဲတမ်း ကောင်း မွန်အောင် ထိမ်းသိမ်း ထားနိုင်သူ ဖြစ် သည်။
သူသည် ဘောလုံးလောက ၀ယ် ကျွန်တော့် အတွက်တော့ သူရဲကောင်း တစ်ဦးပင် ဖြစ်ပေတော့ သည် ။
ရေးသားသူ – ကောင်းမြတ်သူ
Posted by MMStriker on April 10, 2012
No comments:
Post a Comment