အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ဘောလုံးနှင့် သူ၏ ပရိသတ်

လူသား တို့  သည် ကစားခြင်း အမှုကို နှစ်သက်ကြ ၏။ ကစားခြင်း သည် လူတို့ ၏ အပန်းဖြေ ရာ စိတ်ထွက်ပေါက် (သို့ တည်း မဟုတ်) ပျော်ရွှင်မှု ရသ တစ်ခု ခုပေး စွမ်းနိုင် သောကြောင့်ဖြစ်ပေ မည် ။ ကစားနည်း တစ်ခု ကို မိမိ ကိုယ်တိုင် ၀င်ရောက် ပါဝင် ကစားခြင်းဖြင့်သော် လည်းကောင်း ကိုယ်တိုင် မပါဝင်ပဲ အားပေးကြည့် ရှုခြင်းဖြင့်သော် လည်းကောင်း  လူတို့ သည် ထို ကစားပွဲ ထံမှ စိတ်ကြေနပ်မှု တစ်စုံ တရာ ကို ရရှိကြ ၏ ။ ကစားပွဲ တစ်ခု မှ လူသားတို့ ရရှိသော စိတ်ကျေနပ်မှု အနိုင်း အတာ ပမာဏ သည် ထို ကစား နည်းမှ လူသား ကမ္ဘာ သို့  မည်မျှ ကိုယ်စားပြုနိုင် သည်ဟူသော အချက်က အဓိက ကျလှပေ သည်။ လူသား ကမ္ဘာ သို့ များစွာ ကိုယ်စားပြုနိုင်လေလေ ထို ကစားနည်း သည် ပို၍ ထင်ရှားလေလေဖြစ် ၏။ ကမ္ဘာပေါ် ရှိ ကစားနည်း များစွာ တို့ အနက် ထင်ပေါ်ကျော်ကြားမှု အရှိဆုံး ကစား နည်း မှာ ဘောလုံး ပွဲ များဖြစ်ပေ သည်။ အဘယ်ကြောင့် ဆိုသော် ဘောလုံး ကစားနည်း သည် အခြား ကစားနည်း များထက် ထူးကဲ သာလွန်သော အကြောင်းခြင်း ရာ များနှင့် ပြည့်နှက် ၍ နေသော ကြောင့်ဖြစ်ပေ သတည်း။
စစ်တုရင် ကစားနည်း၊ ကာရာတေး ကစားနည်း စသည် တို့ သည် ကစားပွဲ တစ်ခု စတင် ကစားမည့် သူ အတွက် အခြေခံ သင်ယူ တတ်မြောက် ထားသင့်သော အရာများ ရှိပေ သည်။ အလွယ် တကူ စတင် ကစား၍ ကား မရနိုင်ပေ။ ဘောလုံး ကစားနည်း သည် ကား အလွယ်တကူပင် စတင် ကစားနိုင်ပြီး ကျွမ်းကျင်မှု အတွက် ကစား ရင်းနှင့် ပင် လေ့ကျင့် သွား၍ ရသော ကစား နည်းဖြစ်ပေ သည်။ ထို့ပြင် စစ်တုရင်၊ ကရာတေး စသည်တို့ သည် ကစားနည်း ကို သိရှိ နားလည် မှသာ ကစားပွဲ ကို ကြည့်ရှုသူ အတွက် စိတ်လှုပ် ရှားစေမှု ရသ အပြည့် အ၀ ပေးစွမ်းနိုင် သည့် ကစားနည်း များဖြစ်ကြ သည်။ ဘောလုံး ကစားနည် မှာမူ ရိုးရှင်း စွာဖြင့် လွယ်ကူု နားလည် လွယ်၍ ကြည့်ရှု သူ အပေါ်တွင် အခြား ကစားနည်း များထက် ပိုမိုကာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပေ သည်။
ရေကူး ပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲ စသည့် ကစား ပွဲ များသည် ကာယ ကြံ့ခိုင်မှု စွမ်းရည် ကိုသာ အဓိက ထား ယှဉ်ပြိုင် ရသော ကစားနည်း များဖြစ်ကြသည်။ စစ်တုရင် သည် လည်း ဥာဏ်စွမ်း ရည် အပေါ်တွင် သာ အဓိက ထား ယှဉ်ပြိုင် ရသော ကစားနည်းဖြစ် သည်။ ဘောလုံး ကစားနည်း သည်ကား ကာယ စွမ်းရည် အပေါ် တွင် မက ဥာဏ်ရည်မြင့်မားမှု အပေါ်တွင် လည်း မူတည် ၍ ကစားသမား တစ်ဦး သည် ပြိုင်ဘက် ကို အသာစီး ရယူနိုင်သော ကစားနည်း မျိုးဖြစ်ပေ သည်။ တင်းနစ်၊ ကြက်တောင် ရိုက် စသော ကစား နည်း များ သည်   ကစား သမား ၂ယောက် မှ ၄ယောက် ထိသာ ပါဝင် ကစား ရသော ကစား နည်း များဖြစ်သည်။ ဘောလုံး ကစားနည်း မှာမူ လူ ၂၂ယာက် ပါဝင် ကစားသော ပွဲဖြစ် ၍ တစ်ဦး ချင်း စွမ်းရည်၊ အဖွဲ့ လိုက် စွမ်းရည်၊ နည်း ပရိယာယ် စသည် တို့ ကို များစွာ အသုံး ချ ရသော ပွဲများဖြစ်ပေ သည်။ ထို့ ကြောင့် ဘောလုံး ကစားနည်း သည်  ပိုမို ၍ ဆွဲဆောင်မှု ရှိ လှပေသည် ။
ဂေါက်သီး ရိုက် ကစားနည်း သည် အလွန် ကျယ်ပြန့်သော မြက်ခင်းပြင်ပေါ် တွင် ယှဉ်ပြိုင် ရသော ကစားနည်းဖြစ် သည်။ သို့ ဖြစ်၍ ကစားပွဲ ကို ကြည့်ရှု အားပေးရာ ၀ယ် ကြည့်ရှု သူများ အတွက် အခက် အခဲဖြစ်စေ ၏။ အေးဆေး စွာဖြင့် တစ်နေရာတည်း ထိုင် ကာ ကြည့်ရှု၍ မရပဲ ကျယ်ပြန့်သော ကွင်းပြင် ၀ယ် ကစားသူ များနောက်မှ လိုက်၍ ကြည့်ရှု ရသော ကစားနည်း ဖြစ်ပေ သည်။ ဘိလိယက်၊ စားပွဲတင် တင်းနစ် စသည့် ကစားနည်း များသည် လည်း လူများသောင်းချီ ၍ ကြည့်ရှု အားပေးနိုင်သော ကစားနည်းများ မဟုတ်ပေ။ ထိုသို့  အားပေးမည် ဆိုပါ က လည်း မည်သို့ မျှ သဲကွဲ စွာမြင် ရမည် မဟုတ်ပေ။ ဘောလုံး ကစားနည်း တွင်မူ ကွင်း အတွင်း တွင် ပရိသတ် များ သိန်းနှင့် ချီ၍ အတူ တကွ တိုက်ရိုက် ကြည့်ရှုနိုင်ပေ သည်။ ထို့ ကြောင့် အခြား ကစားပွဲ များထက် ပို၍ ပရိသတ် များ အတွက် ကိုယ်စားပြုနိုင် သည် ဟု ဆို၍ ရပါသည်။
လက်ဝှေ့ ကစားနည်း စသော ကိုယ်ခံ ပညာ ကစားပွဲ များသည် ကစား သူများ အတွက် အန္တရာယ် များစွာ ရှိနိုင် သလို ကြည့်ရှုသူများ အပေါ်တွင် လည်း ထိတ်လန့် မှုဖြစ်စေနိုင် ပါသည်။ လူတိုင်း အတွက် ကစားရန်သော် လည်းကောင်း  ကြည့်ရှု ရန် သော် လည်းကောင်း မဖြစ်နိုင် ပါ။ ဘောလုံး ကစားနည်းသည် ကား လူကြီး လူငယ် ကျားမ မရွေး ပါဝင် ကစားနိုင်ပြီး ထိတ်လန့် မှု ကင်းစွာ ကြည့်ရှုနိုင်ပေ သည်။ သံလုံးပစ် ကစား နည်း၊ သေနတ်ပစ်၊ မြှားပစ် စသော ကစားနည်း များသည် ကစားသူ အတွက် စိတ်ကြေနပ်မှု ရရှိစေသော် လည်း ကြည့်ရှုသူ အတွက် မူ ပျင်းရိငြီးငွေ့ စေ တတ်သော ကစား နည်း များဖြစ်ပေ သည်။ ဘော်လီဘော၊ ဘက်စကတ်ဘော စသည့် ကစားနည်း များသည် လည်း ဘောလုံး ကဲ့သို့ နည်း ပရိယာယ်များ သုံးကာ ယှဉ်ပြိုင် ကစား ရသော် လည်း လက်ဖြင့် ပုတ်၍ သာ ကစား ရသော ကစားနည်း များဖြစ်သည့် အတွက်  ဘောလုံး ကစားနည်းလောက် ဆွဲဆောင်မှု မရှိ လှပေ။ ခြင်းလုံး ကစားနည်း သည် လည်း ဘောလုံး ကဲ့သို့  ဦင်္းခေါင်း၊ ရင်ဘတ်၊ ဒူး၊ ခြေ စသည်ဖြင့် ကစား ရသော်လည်း ဘောလုံး ကဲ့သို့  တစ်ဦးနှင့် တစ်ဦး တွန်းတွန်း တိုက်တိုက်ဖြင့် ကစား ရသော ကစားနည်း မျိုး မဟုတ်ပေ ။
ဘောလုံး ကစားနည်း တွင် ကစားသမား များသည် ဘောလုံး ကို လက်ဖြင့် ထိခြင်းမှ လွဲ၍ ခန္ဒာကိုယ် အစိတ်အပိုင်း များ အားလုံးကို အသုံးပြု ၍ တစ်ဦးနှင့် တစ်ဦး တွန်းတွန်း တိုက်တိုက် ကစားရ သလို ကျွမ်းကျင်မှု ရှိသလို  တစ်ဦးချင်း စွမ်းရည်ကို အသုံးပြုလျက် ပရိသတ်၏ အာရုံ ကို ဆွဲဆောင် ဖမ်းစားနိုင် သလို အဖွဲ့လိုက် လှပသေသပ်သော ကစားဟန် ကစားကွက် များ ကိုလည်း ကျွမ်းကျင် သလို ဖေါ်ဆောင်နိုင်ပေ သည်။ ဘောလုံး ကစားနည်း သည် ကိုယ်တိုင် ကစားသူ ကို လည်းကောင်း၊ ကြည့်ရှုသူ ကိုသော် လည်းကောင်း စိတ်ကျေနပ်မှု အပြည့် အ၀ပေးစွမ်းနိုင်ပေ သည် ။ ထို့ ပြင် လူနည်းစု မှ လူများစွာ ထိ စုဖွဲ့ ကစားနိုင် သလို တစ်နေရာ တည်း တွင် လူပေါင်း သိန်းချီ၍ အတူ တကွ အားပေးကြည့်ရှုနိုင်သော ကစားနည်းဖြစ်သောကြောင့် ကစားနည်း များထဲ တွင် လူသား ကမ္ဘာ ကို အခြား ကစားနည်း များ ထက် ပိုမို၍ ကိုယ်စားပြုနိုင်ပေသည် ။
ဘောလုံး ကစားနည်း တွင် သတ်မှတ် ထားရှိအပ်သော ဥပဒေသ များ သည် အခြေ အနေ အချိန်အခါ အလိုက် ပြောင်းလဲမှု များရှိ ခဲ့သလို နောင် အနာဂတ်တွင် လည်း လိုအပ် သလို ပြင်ဆင် သတ်မှတ်မှု များ ရှိလာ ဦးမည်ဖြစ်သည်။ သို့ သော် လည်း ကမ္ဘာ့ အားကစား ပရိသတ် အများစု ကို ကိုယ်စားပြုနိင်သော အားကစား နည်း ဖြစ်ပေသောကြောင့် မည်သို့သော အခါတွင် မှ တိမ်မြုပ် ပျောက်ကွယ် သွားနိုင်မည် မဟုတ်ပေ။ နိုင်ငံ တကာ မှ အားကစားသမား တို့ သည် အားကစား နည်းများ တွင် အောင်ပွဲ ရယူ လျက် နိုင်ငံ့ ဂုဏ် သိက္ခာ ကို မြှင့်တင် ရန်ကြိုးပမ်းကြ သည်။ အခြားသော ကစားနည်း များ တွင် မည်မျှ အောင်ပွဲ ရစေကာ မူ ဘောလုံး ပြိုင်ပွဲ တွင် အောင်ပွဲ ရရှိသည့် အသင်းသာ လျှင် ပိုမို ၍ နိုင်ငံ့ ဂုဏ် ကို မြှင့်တင်နိုင်ပေ သည်။ အဘယ်ကြောင့် ဆိုသော် ဘောလုံး ကစားနည်း သည် ကမ္ဘာ့ အားကစား ပရိသတ် အများစု ၏ စိတ်ဝင်စားမှု ကို ပြိုင်ဘက် မရှိ ခံယူ ထားသော ကစားနည်း ဖြစ် သောကြောင့် ပေ တည်း။
ဘောလုံး ကစားနည်းကြောင့် မန်ချက်စတာ၊ မီလန် စသည်ဖြင့် အမည် ထင်ရှား ကျော်ကြားသော မြို့ များ လည်း ရှိပေ၏။ ထို့ ကြောင့် ဘောလုံး ကစား နည်းဖြင့် နိုင်ငံ့ ဂုဏ်ကို မြှင့်တင်နိုင်ယုံမျှ မက ပဲ မြို့ ငယ်၊ ဒေသငယ် များကို ပင် ကမ္ဘာကျော်အောင် ဂုဏ်မြှင့်နိုင်ပေ သည်။ အင်္ဂလန် မှ စတုတ် စီးတီး၊ နောဝှစ်စီးတီး၊ အပ်ဝှစ်တောင်း စသည်မြို့ များ သည် လည်း ကျွန်ုပ်တို့ နှင့်မစိမ်း လှပေ ။ ထို့ ပြင် ဘောလုံး ကစားခြင်းဖြင့် မထင် မရှား တောရွာငယ်လေး မှ လူငယ် တစ်ဦးသည် ကမ္ဘာကျော် မီလျံနာ တစ်ဦး လည်း ဖြစ်လာနိုင် ပေသည် ။
အချုပ်အား ဖြင့် ဆိုရသော် ကမ္ဘာ့ လူသား တို့ကို အခြား ကစားနည်းများ ထက် ပို၍ ကိုယ်စား ပြုနိုင် သဖြင့် ဘောလုံး ကစားနည်း သည် တစ်စ တစ်စ ပိုမို ကာ ထင်ရှား ပေါ်လွင် လာခဲ့ သလို အပြန် အလှန် အားဖြင့် ထိုထင်ရှား ပေါ်လွင် လှသော ဘောလုံး ကစားနည်းကြောင့် ပင် လူသား တို့ သည် ဘောလုံး ကစားနည်း ကို ပိုမို၍ စိတ်ဝင်စား လာကြပေသည်။ ဘောလုံး ပွဲကြည့်ရန် သက်သက် ပင် နိုင်ငံရပ်ခြား သွားရောက် ကြ သလို ၊ အလုပ် ပျက် အအိပ်ပျက် ခံကာ အားပေးကြ သူများ ကလည်း ဒုနှင့်ဒေး ရှိပေ သည်။ ဘောလုံး ပွဲနှင့် အားကစား မြတ်နိုး သူ လူသား တို့ အကြားတွင် အပြန် အလှန် ရစ်ပတ်မှု သည် တစ်စထက် တစ်စ အလွန် တရာပင် ခိုင်မြဲလာ မည် ဖြစ် ပေသည်။ ကမ္ဘာ တည် သ၍ ဘောလုံး ကစားနည်း သည် တည်ရှိ သွားမည် ဖြစ် သလို ဘောလုံး ပရိသတ် များ သည်လည်း ဘောလုံး ကစား နည်း ကို ဘ၀၏ အဖေါ် အမွန် သဖွယ် အမြဲတမ်း အမှီ သဟဲ ပြုလျက် ရပ်တည် သွားမည် ဆိုသည်ကား ယုံမှားဖွယ် မရှိနိုင်တော့ပေ။
ရေးသားသူ – ကောင်းမြတ်သူ
Posted by on April 6, 2012

www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

No comments: