အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

အောင်ပွဲများ ဆီ လှမ်းချီ ရာဝယ်

မြန်မာ့ ဘောလုံးလောက တစ်ခေတ်ဆန်းချိန်ဟု အများက သမုတ်ကြသော ယခုလို အချိန်ဝယ် မြန်မာဘောလုံး သမားများသည် ယခင်နှင့်မတူ တစ်မူထူးစွာ ခံစားခွင့်တို့ကောင်း မွန်လှ ပါသည်။ လက်ရွေးစင် အဆင့်ကစားသမား ဆိုလျှင် လခစား ၀န်ထမ်းများ ထဲတွင် လစာ အကောင်းဆုံး ဟုပင် ဆိုနိုင်လောက် ပါသည်။ နေရေးထိုင်ရေးက အစ လေ့ကျင့်ရေး စက်ကိရိယာများ အဆုံး ယခင်နှင့်မတူ ကောင်းမွန်သော ပံပိုးမှုများနှင့် ကြိုးစားသလောက် အခွင့်အလမ်း များလည်း ရရှိခံစားနေကြရ ပါပြီ။ Myanmar National League ပြိုင်ပွဲကြီး စတင် ကျင်းပ ခဲ့ပြီး ယခုလို အရှိန်ရ လာချိန် ဒီလို အခြေအနေမျိုးမှာ မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့   အောင်မြင်မှု တစ်ခုခုတော့ဖြင့် ပရိသတ် အတွက် ရယူပေးဖို့  အချိန် တန်ပြီဟု ဆိုချင်ပါသည်။ ထိုသို့ ဆိုလျှင် လက်ရှိ မြန်မာ့ဘောလုံးလောက၏ အခြေအနေများနှင့် အောင်မြင်မှု ရယူနိုင်ဖို့  အဆင်သင့် ရှိ မရှိ  အရှိကို အရှိအတိုင်း၊ အမှန်ကိုအမှန် အတိုင်း ဦးစွာ သုံးသပ်ကြည့် ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိပြည်တွင်း အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များဟာ အကြိတ်အနယ် ရှိနေတယ် လို့ အများစုက အကြမ်းဖျင်း သုံးသပ်ကြ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်ကလို ၀န်ကြီးဋ္ဌာန ပြိုင်ပွဲတွေလို နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာအခွန် ကပဲ ဖလား ယူနေတဲ့ အနေ အထားမျိုး မဟုတ်ပဲ  ဆုဖလား အတွက် ရန်ကုန်၊ ဇေယျာရွှေမြေ၊ ရတနာပုံ၊ ဧရာဝတီ စတဲ့ အသင်းတွေ ထဲက ဘယ်အသင်း ချန်ပီယံ ဖြစ်မယ်ဆိုတာ ရာသီသိမ်း မှပဲ အဖြေပေါ်မယ့် အနေအထား ဖြစ်သလို အသင်းကြီး အသင်းငယ် ခွဲခြားရ ခက်နေပြီး အသင်းကြီးလို့ အကြမ်းဖျင်း သတ်မှတ် ထားတဲ့ အသင်းတွေ ကလည်း ယခုမှ စတင်တည်ထောင်တဲ့ အသင်းတွေကို အနိုင် ၃မှတ်ရဖို့တောင် ခက်ခက်ခဲခဲ ကန်ယူနေ ရတဲ့ ပွဲစဉ်တွေ အများကြီး မြင်တွေ့ နေရပါတယ်။ ဒါဟာ ပြိုင်ပွဲရဲ့  အကြိတ်အနယ် ရှိမှုကို ဖေါ်ပြနေ ပါတယ်။

Photo: ygnutd.com
ဒါပေမယ့်လည်း တကယ့် အမှန်တရား ကတော့ မြန်မာ ကစားသမားတွေရဲ့  ခြေစွမ်းက တိုးတက်လာလို့  အကြိတ် အနယ် ရှိတာမျိုး မဟုတ်ပဲ နိုင်ငံခြား ကစားသမားတွေကို မှီခို လွန်းတာကြောင့်  မြန်မာ ကစားသမားတွေ ပိုမိုနေရာ မရ ဖြစ်လာပြီး ခြေပျက် လာတာပဲ ဖြစ်ပါတယ်။ မြန်မာ ကစားသမားတွေခြေ ပျက်လာတဲ့ အတွက် ကစားသမားတွေဟာ လက်ရွေးစင် အဆင့်နဲ့ သာမာန် အဆင့် သိသိသာသာ ကွာဟတာမျိုး မရှိပဲ သူမသာ ကိုယ်မသာ အဆင့်သာ ရှိနေတာကြောင့်ရယ် နိုင်ငံခြားသားတွေကို အသင်းတိုင်း ခေါ်ယူနေတာကြောင့် ရယ်သာ ဖြစ်ပါ တယ်လို့  ဆိုချင် ပါတယ် ။ ယခု တစ်ပတ် ကန်သွားတဲ့  ပွဲစဉ်တွေကို အရင်ဝေဖန်ကြည့် ရအောင်ပါ။
အသင်းကြီးတွေ ဖြစ်တဲ့ ဇေယျာရွှေမြေ၊ KBZ၊ ရန်ကုန်၊ နေပြည်တော် တို့ရဲ့ သွင်းဂိုးတွေကို လေ့လာတဲ့အခါ မြန်မာ ကစားသမားက ဂိုးသွင်း ယူတာ ရှားပါးနေ ပါတယ်။ ဒါဟာ အမြဲဖြစ်နေကျ ကိစ္စမို့ မထူးဆန်းတော့ ပါဘူး။ ဒီနေရာမှာ တစ်ခုပြောလို တာက အသင်းကြီး တစ်သင်းမှာ ကစားနေတဲ့ လက်ရွေးစင် အဆင့် မြန်မာ ကစားသမား တစ်ယောက်ဟာ နိုင်ငံခြားသား ကစားသမားလောက် ခြေစွမ်း မပြနိုင်တဲ့ အတွက် အရန်ခုံမှာ ငုတ်တုတ် ထိုင်နေရတဲ့ အဖြစ်ကတော့ ဆိုးဝါး လှတယ်လို့ ဆိုနိုင် ပါတယ်။  လက်ရွေးစင် ကစားသမား တစ်ယောက် အနေနဲ့  ပွဲထွက်ခွင့် မရတဲ့ အခါမှာ ခြေစွမ်းဟာ တော်တော်ကို ပျက်ယွင်းပြီး တိုးတက်နေတဲ့ အရှိန်ပါ ရပ်တန့် သွားပါတယ်။ ရန်ကုန် အသင်းကိုရောက်ရှိ ခဲ့ဖူးတဲ့ မိုင်အိုက်နိုင် ကိုကြည့်ပါ။ မိုင်အိုက်နိုင် အနေနဲ့   ရန်ကုန် အသင်းမှာ ပွဲထွက်ခွင့် တစ်ခါရဖို့  အတော်ကိုစောင့်ဆိုင်းနေ ခဲ့ရပြီး မိနစ်ပိုင်းမျှ လူစားလဲ ကစားသမား အဖြစ်တောင် ပွဲတိုင်း မကစား ခဲ့ရပါဘူး။ ယခု ဆိုရင်လဲ ဧရာဝတီ အသင်းခေါင်းဆောင်ဟောင်း မျိုးဝင်းထွဋ် အနေနဲ့  ရန်ကုန်မှာ ပွဲထွက်ခွင့်ရဖို့  စောင့်ဆိုင်းနေ ရတော့မှာပါ။
ကစားသမားတွေ အနေနဲ့  ပွဲထွက်ခွင့် ရသည် ဖြစ်စေ မရသည် ဖြစ်စေ အသင်းကြီးမှာ သာနေလိုတဲ့ စိတ်တွေ တော်တော် များများ ဖြစ်နေတာ ကိုတွေ့ရ ပါတယ်။ ဂုဏ်သိက္ခာ အရ ဖြစ်စေ၊ အသင်းက ပံ့ပိုးပေးထားတဲ့ ခံစားခွင့် အရဖြစ်စေ အသင်းကြီးများ မှာသာ နေလိုကြ ပါတယ်။ အသင်းငယ်က ကစားသမားတွေ ကလည်း ခြေစွမ်းတက် လာတဲ့အခါ  ပုံမှန် ပွဲ ကစားခွင့်ထက် အသင်းကြီးရောက်ဖို့ လူသိများဖို့ လောက်ကိုသာ စိတ်ဝင်စားနေကြ တယ်လို့သုံးသပ်မိ ပါတယ်။ ကစားသမားတွေ အနေနဲ့ လက်ရှိ အသင်းက လိုလေသေး မရှိ ပံ့ပိုးပေးပါ့မယ် ဆိုတာတောင်မှ ချန်ပီယံ ဖြစ်နိုင်တဲ့ မိမိ ကစားနေတဲ့ အသင်းအပေါ် ခင်တွယ်တတ်စိတ် မရှိဘဲ ပံ့ပိုးမှုတောင့်တင်းတဲ့ အသင်းကို အသင်းပြောင်းနေတာကိုတွေ့ ရပါတယ်။  နောက်ပြီး နည်းပြတွေ အနေနဲ့ ကလည်း ဘယ်ပွဲမဆို နိုင်ငံခြားသားတွေ လူစုံထုတ် မကန်ပဲ မြန်မာ ကစားသမားတွေကို ဦးစားပေးဖို့  လက်တွန့် တတ်ကြ ပါတယ်။ ကျိန်းသေနိုင်နေ တာတာင် နိုင်ငံခြားသားကို ထုတ်ပြီး လူစားလဲတာ ခပ်ရှားရှား ပါပဲ။ 

Photo: ygnutd.com
ယခုချိန်ထိ ခြေပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နိုင်ငံခြား ကစားသမားတွေကို ကွင်းထဲမှာ ပွဲချိန့်ပြည့် လူစားမလဲပဲ ကစားခိုင်းတာ တွေ့နေ ရပါတယ်။ ဒီနေရာမှာ ကျွန်တော် ချီးကျူးချင် တာက မျိုးလှိုင်ဝင်း ပါပဲ။ ပထမ အကြိမ်ပြိုင်ပွဲ မှာကတည်းက ရန်ကုန် အသင်းဟာ နိုင်ငံခြားသားတွေခေါ်ယူ ခဲ့ပါတယ်။ ဒါပေမယ့် မျိုးလှိုင်ဝင်းဟာ နိုင်ငံခြား ကစားသမားတွေကို ပွဲတိုင်း လူစုံ မထုတ်ပဲ မြန်မာ ကစားသမားတွေနဲ့ ကစားစေ ခဲ့ပါတယ်။ နောင်နှစ်တွေ မှာလည်း သူတာဝန်ယူတဲ့ ကာလမှာ မကြာခဏ ဆိုသလို မြန်မာ ကစားသမားတွေကို အခွင့်ပေးလေ့ ရှိပါတယ်။ ပထမဆုံး အကြိမ် Max Cement Cup မှာ ပွဲဦးထွက် ဆောက်သမ်း အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မျိုးလှိုင်ဝင်းဟာ အဲဒီတုန်းက ခြေစွမ်းခြေစ သိပ်မရှိတဲ့ အရန် ကစားသမား ကောင်းစည်သူကို တိုက်စစ်မှုး အဖြစ် ရဲရဲဝံ့ဝံ့ ထုတ်သုံး ခဲ့ပါတယ်။ သူကိုင်တွယ် ခဲ့တဲ့ တစ်လျောက်မှာ လူငယ် ကစားသမားတွေကို ကောင်းကောင်းမြေတောင်မြှောက်ပေးနိုင် ခဲ့ပါတယ်။ သူ ကိုင်တွယ်နေတဲ့ အချိန်မှာ နိုင်ဦးလွင်ဟာ လက်ရွေးစင်တွေ အများကြီး ပါတဲ့ ရတနာပုံ အသင်းရဲ့  ခံစစ် ကိုတောင် ထိုးဖေါက် ဂိုးသွင်းနိုင် ခဲ့ပါတယ်။ ရွှေလှိုင်ဝင်းဟာ ဆိုရင်လည်း လက်ရွေးစင် တစ်ယောက် ဖြစ်ခဲ့ပြီး တင်ဝင်းအောင် ဆိုရင်လည်း ဘောလုံး သမားဘ၀က အနား မယူခင်ထိ အကောင်းဆုံးခြေစွမ်းတွေ ရှိခဲ့ ပါတယ်။ အောင်သိုက်၊ ကြည်လင်း တို့ဟာလည်း ယခုချိန်မှာ ရန်ကုန် အသင်းရဲ့  မရှိမဖြစ် ကစားသမားတွေ ဖြစ်နေပါပြီ။ ဒါဟာ လူငယ် ကစားသမားတွေကို နေရာပေး တွဲခေါ်တတ်တဲ့ နည်းပြ တစ်ယောက်ရဲ့  အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ယခုချိန်ထိ နိုင်ငံခြား ကစားသမားကို ရဲရဲဝံ့ဝံ့ အရန်ခုံ ထိုင်ခိုင်းတာမျိုး၊ လူစားလဲ ပစ်တဲ့နေရာမျိုးမှာ မျိုးလှိုင်ဝင်းလောက် နိုင်ငံခြားသား နည်းပြတွေတောင် သတ္တိ မရှိဘူးလို့  သုံးသပ် ပါတယ် ။ 
ဒီလိုနိုင်ငံခြားသား အားကိုးလွန်တဲ့ ပုံစံတွေကြောင့် မြန်မာ ကစားသမားတွေ ခြေတက်လာဖို့  အခွင့်အလမ်း နည်းနေပါတယ်။ အရင်က တက်လာမယ့် အရိပ်အယောင်ရှိတဲ့ ကစားသမားတွေတောင် ပွဲထွက်ခွင့် မရလို့  လက်ရွေးစင်ရွေး တဲ့အခါ တစ်ခါလာလည်း ဒီလူစာရင်း တစ်ခါလာလည်း ဒီလူစာရင်း ဖြစ်နေတာပါ။ ဒါကြောင့် မြန်မာ့ဘောလုံး တိုးတက်မှု မရှိသေးဘူးလို့  သုံးသပ် ပါတယ် ။ မြန်မာ ကစားသမားတွေရဲ့  စိတ်ဓါတ်နဲ့  စည်းကမ်းပိုင်း အရကြည့်ရင်လည်း  ကစားပုံတွေ မလိုအပ်ပဲ ကြမ်းတမ်း လွန်းတာတွေ၊ အချိန် အလွန်အကျွံ ဆွဲကစား တဲ့ပုံစံတွေ ကိုသာ တွေ့ မြင်နေ ရပြီး ထူးထူးခြားခြား တိုးတက်မှု မရှိတာတွေ့ ရ ပါတယ်။
မြန်မာ ကစားသမားတွေရဲ့ စိတ်ဓါတ်နဲ့ စည်းကမ်းပိုင်း အရကြည့်ရင်လည်း ကစားပုံတွေ မလိုအပ်ပဲ ကြမ်းတမ်း လွန်းတာတွေ၊ အချိန်အလွန်အကျွံ ဆွဲကစားတဲ့ ပုံစံတွေကို သာတွေ့မြင်နေ ရပြီး ခြေစွမ်းပိုင်း အနေနဲ့ ထူးထူးခြားခြား တိုးတက်မှု မရှိတာတွေ့ ရပါတယ်။ ကွင်းလယ်ဒိုင် စည်းကြပ် ဒိုင်တွေကို အရင်က ဇောတက တက်တာတွေ သိပ်မရှိ ခဲ့ပေမယ့် MNL သက်တမ်း ကြာလာတာနဲ့ အမျှ ဒိုင်တွေ အပေါ်မှာ လေးစားမှုပိုင်း အတော်ကို အားနည်းလာ ခဲ့ပါတယ်။ ဒိုင်တွေ အနေနဲ့  အမှား အယွင်းတွေ ရှိလာတဲ့ အပေါ်မှာ ဝေဖန်စရာတွေ ရှိနေပေမယ့် မြန်မာ ကစားသမားတွေဟာ လေးစားမှု အပိုင်းမှာ အားနည်းပြီး ဇောတက တက်တဲ့ အရာမှာသာ အာရုံစိုက်နေ တယ်လို့ သုံးသပ် မိပါတယ် ။ ဒီလိုမျိုး အားနည်းတဲ့ အနေအထားတွေ အပြင် လက်ရွေးစင် ပြိုင်ပွဲ အတွက် လူရွေးချယ်တဲ့ အခါမှာ နည်းပြနေရာ အတွက်လည်း တစ်ရာသီလုံး တစ်နှစ် ပတ်လုံး ခန့်အပ် ထားကာ ကစားသမားတွေကို စောင့်ကြည့်စေပြီး လူရွေးချယ် ရမယ့်အစား ပြိုင်ပွဲ နီးကပ်ကာမှ နိုင်ငံခြား နည်းပြငှားရမ်း လက်ထောက် အဖြစ်ခန့် အပ်ထားတဲ့ မြန်မာ နည်းပြကနေ ပဏာမ လူရွေးချယ်၊ ဒီလူစာရင်း ထဲကပဲ ပြိုင်ပွဲ ၀င်ခါနီးမှ အပြီးသတ် လူရွေးပြီး ကြုံတဲ့ အသင်းနဲ့ခြေစမ်းကာ ပြိုင်ပွဲ တစ်ခုကို ၀င်ပြိုင်စေခဲ့ တာဟာ အတော်ကြာ ခဲ့ပြီဖြစ်တဲ့ အမူအကျင့်တွေ ပဲဖြစ်ပါတယ်။ အဲဒီမှာလည်း ပြဿနာ တစ်ချို့ ရှိပြန် ပါတယ်။ တစ်ရာသီလုံး သေခြာစောင့်ကြည့် ထားခြင်းမရှိတဲ့ အတွက် ရွေးတဲ့ လူစာရင်းဟာ တစ်ခါလာလည်း ဒီလူ ဆိုတာမျိုး၊ ပြည်တွင်း နည်းပြကလည်း ကိုယ့်အသင်းက လူကိုယ် ဦးစားပေးရွေး တာမျိုး ဖြစ်စေ ပါတယ်။
ပြီးခဲ့တဲ့ ရာသီတွေမှာ MNL အကောင်းဆုံး ကစားသမား ဆုတွေပေးတဲ့ အခါ MNL တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားမျိုးကို ဆုမပေးပဲ နိုင်ငံ အသင်းမှာ လက်တလောခြေစွမ်းကောင်း သူကို ပေးချလိုက်တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ မနှစ်က ဖလား၂လုံး ရတဲ့ ရန်ကုန် အသင်းက ကစားသမားတွေကို ကျော်လွန်ကာ ကျော်ကိုကို အကောင်းဆုံးဘောလုံး သမားဆု ရသွားတာကို ကြည့်ရင် ဆုပေးခါနီးမှ ကြုံရာလူပေးတာကို ထင်ရှားစွာတွေ့ ရမှာပါ။ တကယ်တော့ ချန်ပီယံ အသင်းက ကစားသမား သာလျှင် MNL အကောင်းဆုံးဘောလုံး သမားဆု ရသင့်ပါတယ်။ နိုင်ငံ့ လက်ရွေးစင် အသင်းကို ကိုင်တွယ်တဲ့ နိုင်ငံခြားသား နည်းပြတွေ အနေနဲ့လည်း မြန်မာ ကစားသမားတွေနဲ့ အဆင်ပြေ အံဝင်တဲ့ ကစားဟန် ကစားကွက်မျိုး ဖန်တီးပေးနိုင်ခြင်း မရှိတာတွေ့ ရပါတယ်။ နိုင်ငံခြား နည်းပြနဲ့  ဘာသာစကား ဆက်သွယ်မှု မျာလည်း အားနည်းချက်တွေ ရှိခဲ့ပြီး နည်းပြရဲ့ သင်ပြမှုကို အတိအကျ မကစားလို့ ဒရာဂိုမာမစ်က လက်ထောက် နည်းပြ မလိုပါဘူး၊ စကားပြန်ကောင်းကောင်း တစ်ယောက်ပဲ လိုပါတယ် လို့ပြောဆိုခဲ့ တာတွေရှိခဲ့ ပါတယ်။ လက်ရှိ အချိန်မှာလည်း လက်ရွေးစင် အတွက် ခေါ်ယူ ထားတဲ့ ကိုရီးယား နည်းပြကို ယူ-၂၁ အတွက် နည်းပြ လုပ်ခိုင်းနေတာ သဘာဝ မကျလှပါဘူး။ ဒါ့အပြင် အသက်ကန့်သတ် ထားတဲ့ ပြိုင်ပွဲတွေမှာ အသက်ကျော် လွန်နေတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင် ခြင်းဟာ နောက်ထပ်အောင်မြင်မယ့် မျိုးဆက်တစ်ခု ဖေါ်ဆောင် ရာမှာ အခက်အခဲ ဖြစ်စေ ပါတယ်။ နောက်ထပ် အားနည်းချက် တစ်ခုလည်း ရှိနေ ပါသေးတယ်။ အရန် ပြိုင်ပွဲတွေပါ။  MNL အရန် အသင်း ပြိုင်ပွဲတွေ မှာလည်း အသင်းတိုင်း လိုလို လူငယ် မျိုးဆက်သစ်တွေ ပွဲထုတ်ဖို့ထက် အသင်းအနိုင် ရရေးအတွက် အသင်းကြီးက ကစားသမားတွေကို အခွင့်ရှိ သလောက် ထည့်သွင်း ကစားနေကြ ပါတယ်။ ဒါဟာ လူငယ် မျိုးဆက်သစ် ကစားသမားကောင်းတွေ ထွက်ပေါ်လာရေး အခက်အခဲ ဖြစ်စေပါတယ်။ ဒီလို အခြေအနေတွေ ကြားမှာ  မြန်မာ့ဘောလုံးလောက တိုးတက်မှုကို ဝေဖန် ရရင်တော့ မြန်မာနိုင်ငံက ကလပ် အသင်းတွေရော၊ နည်းပြ တွေရော၊ ကစားသမားတွေပါ အားနည်းချက်တွေ အများကြီး ရှိနေတာတွေ့ ရပါတယ်။    ဒါကြောင့် လာမယ့် ဆူဇူကီး ဖလားမှာရော၊ ယူ-၂၃ ပြိုင်ပွဲ မှာပါ  မြန်မာအသင်း အနေနဲ့  အောင်မြင်မှု ရဖို့  အတော်ကို ရုန်းကန် ရဖွယ်ရှိ ပါတယ်။ ယူ၂၃မှာ တကယ်ကို မှန်ကန်တဲ့ ယူ၂၃ စစ်စစ်တွေနဲ့  ယှဉ်ပြိုင် မယ်ဆိုရင် လက်ရှိ ပုံစံမျိုးနဲ့ အောင်မြင်မှု မရနိုင် ပါဘူး။ မြန်မာ အသင်းအောင်မြင်မှု ရဖို့ အတွက် ဆိုရင်တော့ ဒါတွေလုပ်သင့် တယ်လို့ အကြံပေး ချင်ပါတယ်။
၁။ နည်းပြနေရာ အတွက် စဉ်းစားတဲ့ အခါ  မြန်မာ နည်းပြနဲ့ ပဲ အသင့်တော်ဆုံး ဖြစ်မယ်လို့  ထင်မိ ပါတယ်။ မြန်မာ ကစားသမားတွေ အကြောင်း အသိဆုံးက မြန်မာ နည်းပြပဲ ဖြစ်မှာပါ။ အောင်မြင်မှုတွေ မယူနိုင်တဲ့ နည်းပြ ကိုတော့ ထပ်ခါ တလဲလဲ ခန့်အပ် မနေသင့်တော့ ပါဘူး။ မြန်မာ အသင်း အတွက် တကယ် လိုအပ်တဲ့ နည်းပြနေ၇ာဟာ မြန်မာ ကစားသမားတွေ အပေါ် သြဇာရှိတဲ့၊ မြန်မာ ကစားသမားတွေ လေးစားမှုရှိတဲ့ ပြည်တွင်း နည်းပြ တစ်ယောက်ဆိုရင် လုံလောက်မှု ရှိတယ်လို့ မြင်မိ ပါတယ်။ သူ့အရပ်သူ့ဇာတ် ဆိုတဲ့ စကားအတိုင်း မြန်မာ အသင်းမှာ နည်းပြ ခန့် ဖို့  နည်းဗျူဟာ ပိုင်းတွေ အရမ်း တတ်ကျွမ်းနေဖို့ မလိုပါဘူး။ မြန်မာ ကစားသမားတွေ လိုက်ကစားနိုင်တဲ့ သင့်တော်တဲ့ နည်းဗျူဟာ မျိုးလောက် ချမှတ်နိုင်ဖို့ ပဲလို ပါတယ်။ နည်းဗျူဟာ ပိုင်းထက် ကစားသမားတွေ အပေါ် သြဇာရှိပြီး စိတ်ဓါတ်ပိုင်း ဆိုင်ရာ တွန်းအားကောင်းကောင်းပေးနိုင်တဲ့ နည်းပြ မျိုးသာ လိုအပ်တယ်လို့ ထင်မိ ပါတယ်။ ပြည်တွင်းက မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ ဦးဆန်းဝင်း၊ အောင်ကျော်ကျော် စတဲ့ နည်းပြတွေ ဆိုရင်  လုံလောက် တယ်လို့ထင် ပါတယ်။ လက်ရွေးစင် နည်းပြ အဖြစ်ခန့် အပ်ခြင်း ခံရတဲ အခါမှာလည်း ပြည်တွင်း ကလပ်တွေနဲ့  လုံးဝ မပက်သက်ဖို့  လိုအပ် ပါတယ်။ နိုင်ငံ့ လက်ရွေးစင် အသင်းနဲ့  ပြည်တွင်း ကလပ် အသင်းကို ပူးတွဲ တာဝန် ယူစေတာမျိုး လုံးဝ မလုပ်သင့် ပါဘူး။ မြန်မာ နည်းပြဖြစ်တဲ့ အတွက် မြန်မာ ကစားသမားတွေရဲ့  ခြေစွမ်း ပိုင်းသာမက ကစားသမားတွေရဲ့ ပင်ကိုယ် စရိုက် စိတ်ဓါတ်ပိုင်း၊ စည်းကမ်းပိုင်း ကိုပါ အကောင်းဆုံး ဖြစ်အောင် သွန်သင်နိုင် မယ်လို့ ယူဆမိ ပါတယ်။  နည်းပြပိုင်းမှာ အဂတိ လိုက်စားမှု ကင်းရှင်းဖို့ ကိုလည်း အထူး ကြပ်မတ်ထားဖို့  လိုအပ် ပါတယ်။
၂။ MNL ပြိုင်ပွဲရဲ့  ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ကစားသမားဆု မပေးရင်တောင် ပွဲစဉ်ရဲ့  အကောင်းဆုံး ကစားသမား ကိုတော့  သတ်မှတ်ကာ ဖေါ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်အတွင်း အကောင်းဆုံး မြန်မာဘောလုံး သမားအဖြစ်လည်း သတ်မှတ်ပေးဖို့  လိုအပ် ပါတယ်။ MNL ပွဲစဉ်တွေ ထဲက အကြိတ်အနယ် ရှိတဲ့ပွဲစဉ်တွေကို နည်းပြ အနေနဲ့  အမြဲတမ်း ကြည့်ရှု အကဲဖြတ်ဖို့ လည်း လိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တကယ် ခြေစွမ်း ထိုက်တန်တဲ့ ကစားသမားတွေကို လက်ရွေးစင် အတွက် ရွေးချယ်နိုင် မှာဖြစ် ပါတယ်။
၃။ ကစားသမားတွေကို စည်းကမ်းပိုင်း တင်းကြပ်စွာနဲ့ စိတ်ဓါတ် ပိုင်းပြုပြင်ပေးဖို့ လိုအပ် ပါတယ်။ ကြမ်းကြမ်း တမ်းတမ်း ကစားတတ်တဲ့ ကစားသမားတွေ ဒိုင်ကို အလွန်အကျွံ စောတက တက်တဲ့ ကစားသမားတွေကို ပြင်းထန်စွာ သတိပေး သင့်သလို၊ အလွန် အကျွံ အချိန်ဆွဲ ကစား တဲ့ အသင်းတွေ ကိုလည်း အရေးယူဖို့ လိုအပ် ပါတယ်။
၎။ မြန်မာ့ လက်ရွေးစင် အဖြစ် ဖြစ်စေ၊ လူငယ် လက်ရွေးစင် အဖြစ် ဖြစ်စေ ရွေးချယ် ခံထားရတဲ့ ကစားသမား တစ်ယောက်ကို ပွဲထွက်ခွင့် မပေးပဲ အရန်ခုံ ထိုင်ခိုင်းနေတဲ့ ကလပ် အသင်းတွေ ကိုလည်း သတိပေး အရေးယူဖို့ လိုအပ် ပါတယ်။ ကစားသမား ကိုလည်း အသင်းက ထွက်ခွာခွင့် ပြုစေသင့် ပါတယ်။
၅။ MNL အရန် ပြိုင်ပွဲတွေ အပြင် အသက် ၁၇နှစ်အောက် လူငယ် ပြိုင်ပွဲကိုလည်း ကျင်းပပေး သင့်ပါတယ်။ ကစားသမား များရဲ့ အသက် ကန့်သက်ချက် ကိုလည်း တိတိကျကျ စစ်ဆေး သင့်ပါတယ်။
၆။MNL ပြိုင်ပွဲ ပွဲစဉ်တွေကို ညနေပိုင်း သာမက ညပိုင်းတွေ မှာပါ ကျင်းပသင့် ပါတယ်။ ဒါမှသာ မြန်မာ ကစားသမားတွေ အနေနဲ့  နိုင်ငံတကာ ပွဲတွေမှာ ညပိုင်း ကစားတဲ့အခါ အခက်အခဲမရှိ ကစားနိုင်မှာ ဖြစ်ပါတယ်။
၇။MNL ပြိုင်ပွဲ ရာသီကို ကြုံသလို မကစားစေပဲ အချိန် တိတိကျကျ သတ်မှတ် ကစားစေသင့် ပါတယ်။ များသော အားဖြင့် နှစ်ကုန် ပိုင်းမှာ အရှေ့တောင် အာရှပြိုင်ပွဲတွေ ကျင်းပလေ့ ရှိတာကြောင့် MNL ရာသီကို စက်တင်ဘာ လလောက်မှာ ပွဲစဉ် အားလုံး အပြီးသတ်စေဖို့  တိကျတဲ့ ပြိုင်ပွဲ ကာလ၊ လူဝယ် ရာသီကာလ နှစ်စဉ်နှစ်တိုင်း ပုံသေ သတ်မှတ် ထားဖို့ လိုအပ်လှ ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတစ်ခု ၀င်မပြိုင်ခင် ၂လ / ၃လ လောက် အလို စက်တင်ဘာ လလောက်မှာ ပြည်တွင်း ပြိုင်ပွဲတွေကို လုံးဝ အဆုံးသတ် လိုက်ပြီး အရင်က ပြုလုပ်ခဲ့တဲ့ ပြည်တွင်း လေးပွင့်ဆိုင် ပြိုင်ပွဲမျိုး ကျင်းပခြင်း၊ အဆင့်ရှိတဲ့  နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲမျိုး၊ ခြေစမ်းပွဲမျိုး ပြုလုပ်ပေးသင့် တယ်လို့ ထင်မြင် မိပါတယ်။ အဲဒီ အချိန်မှာ ပြည်တွင်း သက်တမ်း အလိုက် လူငယ် အသင်း ပြိုင်ပွဲများမှ သက်တမ်း အလိုက် လူငယ် လက်ရွေးစင် အသင်များပါ တစ်ပြိုင် နက်ရွေးချယ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ကစားစေ သင့်ပါတယ်။ ဒီလိုဆိုရင် နိုင်ငံတကာ ပြိုင်ပွဲ တစ်ခုရှိလို့  MNL ရပ်ထား ရတာမျိုး မဖြစ်တော့သလို လက်ရွေးစင် အသင်းများ အတွက်လည်း လုံလောက်တဲ့ စုစည်းလေ့ကျင့်မှု အချိန်ကာလ တစ်ခု ရရှိစေမှာ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ နိုင်ခဲ့ရင် ဆုငွေတွေ ပုံအောပေးမယ် ဆိုတာထက် ဒီလိုစနစ် တကျ အကောင် အထည်ဖေါ်မယ် ဆိုရင်ဖြင့် မြန်မာ့ဘောလုံးလောက တိုးတက် မယ်လို့ ယူဆရင်း အကြံပေး အပ်ပါသည် ခင်ဗျာ … ။

ရေးသားသူ – ကောင်းမြတ်သူ
Posted by on February 17, 2012

www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
ဒီမှာ ၀င်ကြည့်နိုင်ပါတယ် ။ 

No comments: