အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ဇမ္ဗူ တစ်ခွင်လေးစား စရာ လူယဉ်ကျေး များပါ

ပြိုင်ဘက်ဟူသမျှ
အနိုင်အပြတ်ယူပြကာ
ဂရုမထားလို့  မောက်ကြွားမှာ
ဆုဖလားတို့ မြောက်များစွာ
ခိုးပြိးနားဖို့  အမှန်ယုံကြည်တာ
မြို့ ကြီးသားတို့ ရန်ကုန်ဆီသာ ။
-
ဒီကဗျာလေးနဲ့ ကျွန်တော်ဟာ ရန်ကုန် ယူနိုက်တက် အသင်းရဲ့   ပရိသတ် တစ်ဦး ဖြစ်ကြောင်း မိတ်ဆက် လိုက်ပါတယ် ။ ၇န်ကုန် ယူနိုက်တက် အသင်းကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ၂၀၀၈ ခုနှစ် ကတည်းက ရန်ကုန် ယူနိုက်တက်ရဲ့ ပရိသတ် တစ်ယောက်ဖြစ် ခဲ့တာပါ ။ ဂိမ်းထဲမှာ ပြောတာ ပါဗျာ ။ ရန်ကုန် ယူနိုက်တက် နာမည်နဲ့ ဂိမ်းထဲမှာ ဘောလုံး အသင်း လုပ်ပြီး ကစား ခဲ့တာ ရန်ကုန် ယူနိုက်တက် အသင်း စတင် မပေါ်ပေါက် ခင်ကတည်းက ပါပဲဗျာ ။ MNL စတင်တော့ ရန်ကုန် ယူနိုက်တက် ဆိုတဲ့ နာမည် တွေ့ ရတော့ တော်တော် ကိုပဲ ၀မ်းမြောက် ခဲ့ပါတယ် ။ နေ့စဉ်နေ့တိုင်း ဘောလုံး အသင်းတွေရဲ့ ကစား သမားခေါ်ယူ မှုကို သတင်း စာမှာ ကြည့်ရှုခဲ့ ပါတယ် ။ ရန်ကုန် ယူနိုက်တက် အသင်းကို နာမည်ကြီး မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ် ခဲ့ပေမယ့် ကစား သမားခေါ် ယူမှု မှာတော့ အောင်အောင်ဦးနဲ့  မျိုးမင်းထွန်း တို့  လက်ရွေးစင် ၂ဦး ကိုသာ ခေါ်ယူ ခဲ့တာတွေ့ ရ ပါတယ် ။ ဒါပေမယ့် ဖိုင်နယ် အထိ တက်လှမ်းနိုင် ခဲ့ပြီး ကံဆိုး စွာနဲ့   ပယ်နယ်တီ အဆုံး အဖြတ်မှာ ရှုံးနိမ့် ခဲ့ရပါတယ်။
ကျွန်တော့် အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်း စတင် တည်ထောင်တဲ့ အချိန်က စပြီး ယခု ချိန်ထိ အမာခံ ပရိသတ် တစ်ဦး အဖြစ် ဆက်လ က်အားပေး လာခဲ့ ပါတယ် ။ ပြောရ ရင် ရန်ကုန် ယူနိုက်တက်နဲ့  ပက်သက် ပြီးတော့ပဲ ကျွန်တော် အင်တာနက် စတင် သုံးဖြစ် ခဲ့တာပါ ။ google မှာ yangon united လို့  ရိုက် ကြည့်တော့  www.ygnutd.com ဆိုတဲ့  web site ကို သိရှိခဲ့ ရပါတယ်။ အဲ့ဒီမှာ ကျွန်တော် comment တွေ စရေး ခဲ့ပါတယ် ။ ပြော ရရင်တော့ ရယ်စရာ ပါပဲဗျာ ။ typing မရတော့  စာလေး ၅ကြောင်းလောက်ရေး ဖို့ နာရီဝက်လောက် အချိန်ပေး ခဲ့ရ ပါတယ်။ အဲဒီမှာ ကျွန်တော် ရန်ကုန် အသင်းနဲ့ ပက်သက်လို့   comment တွေရေး ရင်းက ကဗျာ တိုလေးတွေ ရေးဖြစ် ခဲ့တော့ တာပေါ့ဗျာ ။ တကယ်ကို အမှတ်တရ ရှိခဲ့ပါတယ်။
အမြဲတမ်းကို ဇွဲကသန်
မလွဲတန်း ဗိုလ်စွဲရရန်
မာန်ဟုန်ပြင်းစွာ ကန်မည်အမှန်
ရန်ကုန်အသင်းသာ ချန်ပီယံ .  .  .
ဒီစာသားလေးဟာ ဆိုရင် ၇န်ကုန် ပရိသတ်တွေ အကြားမှာ ပျံ့ နှံ့ခဲ့ ပါတယ် ။ ကျွန်တော့်ကို ကျွန်တော်လည်း အားရကျေနပ် ခဲ့ပြီး နောက်ထပ် ကဗျာ တိုလေးတွေ ရေးဖြစ် ခဲ့ပါတယ်။
ဝင်ပြိုင်တဲ့ပွဲမှန်သမျှမှာ
အစဉ်ခိုင်တဲ့ဇွဲသန်လှစွာ
YUFC Club သည်
အနိုင်ယူလျက်ချီတက်မည် ။
ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့  တခဲနက် အားပေး မှုတွေကို ဂုဏ်ယူမိတဲ့ အနေနဲ့  …
ပရိသတ်အပေါင်းရဲ့ 
စိတ်ဓါတ်ကောင်းနဲ့ 
အပြင်းဆုံးမာန်တွေချီ
တစ်ကွင်းလုံးလျှံစေမည်
ရန်ကုန်သားများအင်အားညီ
သံမှုန်စားသလားထင်မှားသည် ။
ဆိုတဲ့ ကဗျာလေး ကိုလဲရေး ခဲ့ပါတယ် ။
ရန်ကုန် ပရိသတ် တစ်ယောက် အနေနဲ့   အသင်း ပိုင်ရှင်ကို ဂုဏ်ပြုတဲ့ အနေနဲ့   ဒီကဗျာလေး ကိုလဲ ရေးသား ခဲ့ပါတယ်။
ဦးတေဇရဲ့စေတနာ
ထူးထွေပြခဲ့ဒီမြေမှာ
ပြည်မြန်မာအမျိုးသားရေးမို့
ညီညီညာကြိုးစားပေးလို့
မြို့အလံထူစိုက်လျက်
ဒို့ရန်ကုန်ယူနိုက်တက်
ပေါ်ထွန်းခဲ့တို့အတွက်ပေ
ဖေါ်ညွှန်းတဲ့မြို့ကျက်သရေ။
ရန်ကုန် ယူနိုက်တက် အသင်း ပရိသတ်တွေမှာ အခြား ပရိသတ်များနဲ့ မတူတဲ့  ထူးခြားတဲ့ အားပေးမှု ပုံစံကို ဂုဏ်ပြုချင် တာရယ်၊ နောက်ပီး  MNL ပရိသတ်ချင်း ကောင်း မွန်တဲ့ ဆက်ဆံရေး ဖြစ်စေချင်တဲ့ အတွက် ဒီကဗျာလေး ကိုလဲ ရေးဖြစ် ခဲ့ပါတယ်။
ရန်ကုန်အပေါ်ချစ်စွာ
အသံကုန်အော်ဟစ်မှာ
လက်ခုပ်သံစည်းချက်ညီညာ
မပြတ်အဟုတ်အမှန်ခရီးဆက်ချီမှာ
ဇမ္ဗူတစ်ခွင်လေးစားစရာ
လူယဉ်ကျေးများပါ ။
ဒီနေရာမှာ ကြုံကြိုက်လို့ ဝေဖန် အကြံပြုချင် တာလေးတွေ ရှိပါတယ်။ MNL မှာ ပရိသတ်ချင်း ကောင်း မွန်တဲ့ ဆက်ဆံရေး မျိုးဖြစ်ဖို့ရာ အတွက် ကျွန်တော့် အမြင်လေးတွေ ပြော ချင်ပါတယ်။ ကောင်း မွန်တဲ့ အားပေးမှု ပုံစံ ဖြစ်စေဖို့  MNL မှာ ပါဝင်တဲ့  အသင်းတွေမှာ တာဝန် ရှိသလို ကစား သမားတွေ ၊ ပရိသတ် တွေမှာ လည်း  တာဝန် ကိုယ်စီ ရှိတယ်လို့  မြင်မိ ပါတယ်။
အသင်းတိုင်းရဲ့ တာဝန် ရှိသူတွေ အနေနဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့  အားကစား စိတ်ဓါတ် ကင်းမဲ့တဲ့ အပြုအမူ မျိုးကို ကာကွယ် မှုတွေ လုံးဝ မလုပ်သင့်ပါဘူး။ ရှုံ့ချဖို့ လိုသလို ပရိသတ်တွေရဲ့  စိတ်ဓါတ် ကို အသိ ပညာပေး မြှင့်တင်ကြ ဖို့ လည်း လိုပါတယ် ။ ကစား သမားတွေ နည်းပြတွေ အနေနဲ့လည်း ပရိသတ်ကို ဒေါသ ဖြစ်စေအောင် ဆွပေး တဲ့ အပြု အမူမျိုးကို ရှောင် ရှားဖို့  အထူး လိုအပ်လှ ပါတယ် ။ ကစားသမားတွေ အနေနဲ့  အနိုင် ရရှိနေတဲ့ အခါမှာ အချိန် အလွန်အကျွံ ဆွဲ ကစားခြင်း၊ နာကျင် ဒါဏ်ရာ ရ ဟန်ဆောင်ခြင်းတို့ ဟာ ပြိုင်ဘက် အသင်းရဲ့  ပရိသတ်ကို ဒေါသ ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့် အိမ်ကွင်းမှာ ကစားရတဲ့ အခါ အိမ်ရှင် အသင်းက ကစား သမားဟာ ပြိုင်ဘက် အသင်းရဲ့ ကစားသမားနဲ့ မတော် တဆ ထိခိုက်မိတဲ့ အခါ တစ်ဖက်က ဥပဒေ ပြင်ပ ကစားလို့ လွန်အမင်း နာကျင် ဟန်ဆောင်ခြင်း၊ ဒိုင်လူကြီးကို ၀ိုင်း အုံပြီး ဇောတက တက်ခြင်းဟာ  အိမ်ရှင် ပရိသတ်ရဲ့  ဒေါသကို ဆွပေး သလို ဖြစ်စေ ပါတယ် ။  ဒါမျိုးကို ရှောင်ရှားစေချင် ပါတယ်။
ကျွန်တော့် အမြင်ပြော ရရင် ကစား သမားတွေသာ ကွင်းတွင်းမှာ အချင်းချင်း လေးစားမှု ရှိမယ်ဆိုရင် ပရိသတ်ချင်း ပြဿနာ ဖြစ်စရာ အကြောင်း မရှိလှ ဘူးလို့ မြင်ပါ တယ်။ ဒီနေရာ မှာ ဦးမျိုးလှိုင်ဝင်း ကို အမှတ်တရ ရှိမိပါတယ်။ ရန်ကုန်အသင်း ကို သူကိုင်တွယ် စဉ်က ပရိသတ်တွေနဲ့  ပြဿနာ ဖြစ် ခဲ့ပေမယ့် နောက် ပိုင်းမှာ သူ့ ရဲ့  အပြု အမူတွေ ဟာ အလွန်ပဲ လေးစား ဖို့ ကောင်းပါ တယ်။ ရန်ကုန် နဲ့  နေပြည်တော် ကန်တဲ့ ပွဲစဉ် တစ်ခုမှာ ရန်ကုန် အသင်းက ၁- ၀ နဲ့ ကပ်နိုင် ခဲ့ပါတယ် ။ ဦးမျိုးလှိုင်ဝင်း က နေပြည်တော် အသင်းရဲ့  နည်းပြချုပ် အဖြစ် တာဝန် ယူတဲ့ အချိန် မှာပါ ။ အဲဒီ ပွဲမှာ ပွဲပြီး ခါနီးမှာ နေပြည်တော်က ချေပဂိုး ရဖို့  ရန်ကုန် ဘက်ကို ဖိအားပေးနိုင် ခဲ့ပါတယ်။ အဲဒီမှာ ရန်ကုန် ပရိသတ် အချို့ က ကွင်းတွင်း က ဦးမျိုးလှိုင်ဝင်း ကို အော်ဟစ်လှောင်ပြောင် ခဲ့ကြ ပါတယ်။ ပွဲအပြီး မှာလည်း ပရိသတ်တွေ က သူ့ ကို ထပ်မံ လှောင်ပြောင် ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရန်ကုန် နည်းပြအဖွဲ့ ကို သွားရောက်နှုတ်ဆက် ပြီး ရန်ကုန် ပရိသတ်တွေ ကိုလည်း လေးလေး စားစား လက်ပြနှုတ်ဆက် ခဲ့ပါတယ်။ သူ့ ရဲ့ အပြု အမူကို အစောပိုင်း က ၀ိုင်းဝန်းလှောင်ပြောင်နေ ကြသူတွေ ကလည်း သဘောကျ ကြပြီး “ မျိုးလှိုင်ဝင်းရေ မင်းနောက် ပွဲတွေ နိုင် ပါစေ ကွာ” လို့  ပြန်ပြီး အော်ဟစ် ဆုတောင်းပေးတဲ့ အထိ သူ့ ရဲ့ အပြု အမူဟာ အကောင်း ဘက်ကို အကျိုးသက်ရောက်မှု ရှိစေခဲ့ ပါတယ် ။
ပရိသတ်တွေ အနေနဲ့လည်း လုပ်ဆောင်နိုင် တာတွေ ရှိပါတယ်။ ”မဟာ” ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့   ဦးဆောင်မှုနဲ့   ကျွန်တော်တို့  သူငယ်ချင်းတွေ စုပေါင်းပြီး ရန်ကုန် ယူနိုက်တက် အမာခံ ပရိသတ်များ စုဖွဲ့ ပြီး yangon united warriors ဆိုတဲ့ အဖွဲ့ တစ်ခု ဖွဲ့ စည်းခဲ့ ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်းရှေ့ က ရဲရဲဝံ့ဝံ့ ရပ်တည်ချင် တာကြောင့်ရယ်၊ ရဲဘော် ရဲဘက် စိတ်ဓါတ်နဲ့ ရန်ကုန် ပရိသတ်တွေ စုပေါင်းဆောင်ရွက် ချင်တာကြောင့် ရန်ကုန် ယူနိုက်တက် အမာခံ စစ်သည်တော် များ yangon united warriors ဆိုတဲ့ အမည်ကို ကျွန်တော် ကိုယ်တိုင် ရွေးချယ် ခဲ့ပါတယ်။  www.ygnutdfans.com ဆိုပြီး website တစ်ခု တည်ထောင် ပြီး ရန်ကုန် ယူနိုက်တက် အသင်းကို ကိုယ်စားပြုပြီး လှုပ်ရှား မှုတွေ ရှိခဲ့ ပါတယ် ။ အလှူ အတန်းတွေ လုပ်နိုင်ခဲ့ ပါတယ်။ အမျိုးသား၊ အမျိုးသမီး အပျော် တမ်း ဘောလုံး အသင်းတွေ ဖွဲ့စည်းနိုင် ခဲ့ပါတယ်။ ချစ်ကြည်ရေးခြေစမ်း ပွဲတွေ လိုအပ် တဲ့နေ ရာတွေ မှာ အလှူ အတန်း ပြုလုပ်နိုင် ဖို့  ရန်ပုံငွေ ပွဲတွေ၊ ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင် သွားစေဖို့လည်း လုပ်ဆောင်နေ ပါတယ်။ ဒါ့ အပြင် http://yadanarbonfans.com က ရတနာပုံ ပရိသတ်များ နဲ့လည်း ချစ်ကြည် ရင်းနှီးမှု တည်ဆောက်နိုင် ခဲ့ပါတယ်။ ဒီလို Fan အချင်းချင်း ရင်းနှီးမှု ကနေ ပရိသတ် အားလုံး ရင်းနှီးမှု ရဖို့  တဖြည်းဖြည်း ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ အကြားမှာ စည်းကမ်း တကျ ကောင်းမွန်တဲ့ အားပေးမှု ပုံစံ ဖြစ်လာဖို့   ကျွန်တော်တို့  ဆက်လက် လုပ်ဆောင် သွားမှာဖြစ် ပါတယ်။
လောလောဆယ် မှာတော့ ကျွန်တော် တို့ဘောလုံး ကွင်းတွေမှာ သံဇကာတွေ အမြင့်ကြီး ကာရံ တပ်ဆင်နေရ ဦးမှာ ဖြစ်ပေမယ့်  ကျွန်တော်တို့  ပရိသတ်တွေ၊ ကစား သမားတွေ၊ အသင်း တာဝန် ရှိသူတွေ ကိုယ့် တာဝန် ကိုယ်ကျေ ကြရင်တော့ ကျွန်တော် တို့ ဆီက ဘောလုံး ကွင်းတွေမှာ  တစ်ချိန် မှာတော့ သံဇကာတွေ ဖြုတ် ချနိုင် လိမ့်မယ်လို့  ယုံကြည် မိပါတယ်။
ကျွန်တော်တို့ MNL မှာ ဘောလုံးကွင်း အတွင်းရော ပြင်ပ မှာပါ ပရိသတ်တွေ ညီညွတ်ကောင်း မွန်တဲ့ ဆက်ဆံရေး ရှိဖို့ လိုအပ် ပါတယ်။ ကျွန်တော်တို့ မှာ ကိုယ်ပိုင် အတ္တတွေ ရှိကြ တာတော့ မဆန်း ပါဘူး။ ကိုယ့်ဒေသ ကို ကိုယ်စားပြုတဲ့ အသင်းကို အောင်မြင်စေချင် ကြတာ သဘာဝ ကျပါတယ်။ ရပ်ကွက် ပွဲတွေ မှာတောင် ကိုယ့် ရပ်ကွက်နိုင်စေ ချင်ကြတာ မဟုတ်လား ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ အားပေးနေ တဲ့ အသင်းတွေဟာ အရှေ့ တောင် အာရှ မှာတောင် အောက်ဆုံးက စဉ်လိုက်ရင် ကြေးတံဆိပ် ချိတ်လောက် တဲ့ အသင်း ဆိုတာ သတိထားစေ ချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ လက်ရွေးစင် အသင်း အောင်မြင်ဖို့ အတွက် MNL ဆိုတာ  ပေါ်လာ တာပါ။ ကျွန်တော်တို့  မျှော်လင့် သင့်တာက ကျွန်တော် တို့ အားပေးတဲ့ ဒေသ ကိုယ်စားပြု အသင်းတွေ ကနေ နိုင်ငံ အတွက် အားထား ရတဲ့ လက်ရွေး စင်ကောင်းတွေ ပေါ် ထွက်လာနိုင်ဖို့ ရယ် နိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင် တဲ့ AFC cup လို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်စေ ဖို့ရယ် ဒါတွေ အတွက် ပဲ မျှော်လင့် ကြရမှာပါ။ ဒါကြောင့်  ပြည်တွင်း ပြိုင်ပွဲတွေ မှာ မလိုလား အပ်တဲ့ မှားယွင်းတဲ့ အားကစား စိတ်ဓါတ် မရှိတဲ့ အလွန် အကျွံ ဒေသစွဲ၊ စိတ်တွေနဲ့   အား မပေးကြဖို့  လိုအပ် ပါတယ် ။ အနိုင်ကို လိုချင်ပေမယ့် အရှုံး ကိုလည်း ကျေနပ်စွာ လက်ခံ တတ်ဖို့ လိုအပ် ပါတယ်။ ရတနာပုံ AFC ကန်ရင် ရန်ကုန် ပရိသတ်၊ ဧရာဝတီ ပရိသတ်တွေ အားပေး ကြရမှာ ဖြစ်သလို  ရန်ကုန်တို့ ဧရာဝတီတို့ ကန်ရင် လည်း ကျန်တဲ့ အသင်း ပရိသတ်တွေ က မြန်မာ ဆိုတဲ့ စိတ်ဓါတ် နဲ့  အားပေး ကြရမှာပါ။
ကျွန်တော် ရန်ကုန် ပရိသတ်ပါ။ ရန်ကုန် မှာမွေးလို့  ရန်ကုန်ကို အားပေး ပါတယ်။ ဒါပေမယ့် ကျွန်တော် မုံရွာ သားတွေကို မမုန်း သလိုေ၇ွှမန်း သားတွေ ကိုလည်း မုန်းစရာ မရှိပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာ ရွှေဘို သားတွေ ရှိပါတယ်။ ရခိုင် လူမျိုးတွေလည်း ရှိပါတယ်။ ချင်းတွေ၊ ရှမ်းတွေ လည်းရှိ ပါတယ်။ ကျွန်တော် ရန်ကုန် အသင်းကို အရူး အမူး အားပေး ပါတယ်။ ဒါကြောင့်လည်း YANGON  UNITED WARRIORS အဖွဲ့ မှာ ပါဝင်နေ တာပါ။ ကျွန်တော်တို့  အဖွဲ့ အနေနဲ့   တတ်နိုင် သ၍ အခြား အသင်တွေရဲ့ ပရိသတ်တွေနဲ့  ချစ်ကြည် ရင်းနှီးမှု ရရှိဖို့  ဆောင်ရွက် သွားမှာပါ။ ကျွန်တော်တို့  ရန်ကုန် အမာခံ ပရိသတ်တွေ ကိုလည်း စည်းကမ်း တကျ အားပေး လိုစိတ် ဖြစ်အောင် စည်းရုံး သွားမှာပါ။ ကျွန်တော်တို့  ကွင်း အတွင်းမှာ ရန်ကုန်ရဲ့   စည်းချက် ညီ လက်ခုတ် သံတွေနဲ့   အားပေးတဲ့ အစဉ် အလာကောင်း ကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ ကို မကျေနပ်တဲ့ အခါ၊ ပြိုင်ဘက် အသင်းရဲ့ အချိန် အလွန် အမင်း ဆွဲ ကစား မှုတွေ၊ ဥပဒေပြင်ပ အနေ အထားတွေကို မကျေနပ်တဲ့ အခါ ကျွန်တော်တို့ ရဲ့  ဆန္ဒ ကိုဖေါ်ပြ တဲ့နေရာ မှာ  အော်ဟစ် ဆူပူမယ့် အစား we want fair play ဆိုတဲ့  စာတန်းကို ကိုင်မြှောက် ပြီး အားပေး သွားမှာပါ။ နိုင်ရင်လည်း ရမ်းစရာ မလိုပါ။ ရှုံးရင်လဲ ဆဲမည် မဟုတ်ပါ။
MNL ရဲ့ ပရိသတ်တွေ အနေနဲ့  မြန်မာ ဆိုတဲ့ ဂုဏ်ကို မြှင့်တင်ဖို့ အတွက် ကြိုးစား ကြရမှာပါ။ ဒေသ တွင်းမှာပါ မက ကမ္ဘာ တစ်လွှားမှာ စည်းကမ်း ရှိတဲ့ ပရိသတ် အဖြစ် “ဇမ္ဗူ တစ်ခွင်လေး စား လူ ယဉ်ကျေးများ” အဖြစ် ရပ်တည်နိုင်ဖို့ အတိတ်က အမည်း စက်တွေ မကောင်း ခဲ့တဲ့ ရာဇ၀င်တွေ ကို ချေဖျက် ပစ်ပြီး ကောင်း မွန်ခဲ့တဲ့   နိုင်ငံ ချစ်စိတ် ပြင်းထန် မှုကို၊ နိုင်ငံ ဂုဏ်ကို မြှင့်တင် ခြင်းဖြင့် အသုံး ချပြီး ဖေါ်ပြ ကြဖို့  လိုအပ်နေ ပါတယ် ။
နိဂုံးချုပ် အနေနဲ့ ကိုယ့်ဒေသ ကို ကိုယ်စား ပြုတဲ့ အသင်း ကိုလည်း အားကစား စိတ်ဓါတ် ရှိရှိ အပြည့် အ၀ အားပေး ကြပါ။ နိုင်ရင် ဂုဏ်ယူ လိုက်ပါ။ ရှုံးရင် အရှုံးကို လက်ခံ လိုက်ပါ။ နိုင်ငံ့ လက်ရွေးစင် အသင်းကြီး ပြိုင်ပွဲ ၀င်တဲ့ အခါ ကျော်ကိုကို တို့  ရန်ပိုင် တို့  ဂိုးသွင်းနိုင် ရင် ရန်ကုန် ပရိသတ်တွေ လက်ခုပ်တီး အားပေး ကြမှာ ဖြစ်သလို မျိုးမင်းထွန်း၊ ကြည်လင်းတို့ ဂိုးသွင်း ရင်လည်း  KBZ၊ ရတနာပုံ စတဲ့ ပရိသတ်တွေ အားပေး ကြမှာပဲ မဟုတ်ပါ လားဗျာ။ တစ်မြေ တည်းနေ တစ်ရေ တည်းသောက် တဲ့ ကျွန်တော်တို့  MNL ပရိသတ်တွေ အိမ်ကွင်းမှာ ကစားတိုင်း အိမ်ရှင် တာဝန်ကျေ ကြရင် ဖြင့် ဇမ္ဗူ တစ်ခွင်လေး စားရ တဲ့ လူယဉ်ကျေး များ အဖြစ် ဂုဏ်မြင့်နိုင် မယ်လို့  ယူဆ မိကြောင်းပါ ခင်ဗျာ။
-
ရေးသားသူ – ကောင်းမြတ်သူ
-Posted by on April 30, 2012


www.myanmarstriker.com  မှာ ရေးသားခဲ့တဲ့ ကျွန်တော့်ရဲ့  ဆောင်းပါးလေးပါ  ။  
 ဒီမှာဝင်ကြည့်နိုင်ပါတယ် ။ 

No comments: