အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ရန်ကုန်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းနှင့် တွေ့ဆုံခြင်း


မကြာသေးခင် ရက်ပိုင်း အတွင်းကမှ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတဲ့ ဦးတင်မောင်ထွန်းကို ရန်ကုန် အသင်း မီဒီယာက တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။ အခု အင်တာဗျူးထဲမှာ ဦးတင်မောင်ထွန်းရဲ့ ဘောလုံး အယူအဆ၊ ရန်ကုန် အသင်း အပေါ် အမြင်နဲ့ မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အကြောင်းကို ဖော်ပြ ထားပါတယ်။

မေး - ပထမဆုံး အနေနဲ့ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတဲ့ ဦးတင်မောင်ထွန်းကို မင်္ဂလာပါလို့ နှုတ်ဆက် ချင်ပါတယ်။ ဆရာရေ.. ဘောလုံး လောကမှာ ကျင်လည် နေတဲ့ နည်းပြ တွေဟာ ကိုယ်ပိုင် ဘောလုံး အယူအဆတွေ ရှိကြပါတယ်။ ဆရာကရော ဘောလုံးနဲ့ ပတ်သက်လို့ ဘယ်လို အယူအဆ တွေကိုများ လက်ကိုင် ထားပါသလဲ?

ဖြေ - ကျွန်တော်ကတော့ ဘောလုံး လောကမှာ အနိုင် ရဖို့ထက် မရှုံးရရေးက ပထမ ဦးစားပေးလို့ သတ်မှတ်ထားတယ်။ အင်အား နည်းတဲ့ အသင်းငယ် တွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာ တိုက်စစ်ဆင်တာ သဘာဝ ကျပေမယ့် အင်အားချင်း တူလာမယ် ဆိုရင် ခံစစ်ကိုပဲ အပိုင် လုပ်ထားချင်တယ်။ ဘောလုံး မဆုံးအောင် အဓိက ထားပြီးမှ တိုက်စစ်ဆင်ဖို့ စဉ်းစားထားတယ်။ ကိုယ့်တိုင်းပြည် လုံခြုံအောင် လုပ်ပြီးမှ တစ်ခြား နိုင်ငံတွေကို စစ်ထွက်တိုက် သလိုမျိုး ပေါ့ဗျာ။

မေး - ဆရာက အရင် နည်းပြဟောင်း အဲရစ်ဝီလျံ မတိုင်ခင် ကတည်းက ရန်ကုန် အသင်းမှာ ရှိခဲ့သူ ဆိုတော့ အသင်း အကြောင်း ခရေစေ့ တွင်းကျ သိမှာပေါ့။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းက လက်ရှိ အသင်းထက် အင်အား ပိုကောင်းတယ် ဆိုရင် ငြင်းနိုင်မလား?

ဖြေ - အင်အား မကွာပါဘူး။ ဒီနှစ် အသင်းကတောင် ပိုကောင်းတယ်လို့ ဆိုနိုင်တယ်။ နိုင်ငံခြား ကစားသမား အားလုံးကလည်း အရင် ကစားသမား တွေထက် တစ်ဦးချင်း ခြေစွမ်းပိုင်း ပိုကောင်းတာ သိသာလွန်းတယ်။ ကစားကွက် ကလည်း (၄-၄-၂) ပါပဲ။ မနှစ်ကလည်း တိုက်စစ်မှူး နှစ်ယောက် ထားကစားတယ်။ ဒီနှစ်လည်း ဒီ အတိုင်းပဲ။ ပြည်တွင်း ကစားသမား တွေဆိုရင် အရင် နှစ်ကထက် အများကြီး ပိုကောင်းပြီး ရင့်ကျက်လာတယ်။ အောင်သိုက်၊ ဒေးဗစ်ထန်း၊ ရန်အောင်ကျော်၊ ကြည်လင်းနဲ့ ရန်အောင်ဝင်းတို့ဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်ကို မကြာခင် ရောက်ကြ ပါလိမ့်မယ်။

မေး - အရင်နည်းပြ အဲရစ်ဟာ ရန်ကုန် အသင်းရဲ့ ဂိုးသမား တွေကို အားမလို အားမရ ဖြစ်ခဲ့တယ် ဆိုတာ အားလုံး အသိပါ။ ဆရာကရော ဂိုးသမား တွေကို ဘယ်လို မြင်ပါသလဲ?

ဖြေ - ဘောလုံးသမား တွေမှာ ထူးချွန် ဘောလုံး သမားနဲ့ ပါရမီရှင် ဆိုပြီး အထက်တန်းလွှာမှာ နှစ်မျိုး ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော် ကစားသမား ဘ၀ကနေ အခု နည်းပြ ဖြစ်တဲ့ အချိန်အထိ မြန်မာ နိုင်ငံမှာ ပါရမီရှင် ဂိုးသမား ဆိုပြီး ချွန်ထွက် လာတာ မရှိဘူး။ အောင်ကျော်ကျော်လည်း ကောင်းတာပဲ၊ စိုင်းမောင်မောင်ဦးလည်း ကောင်းတာပဲ၊ ဒါပေမယ့် သူတို့ဟာ ကြိုးစားလို့ နိုင်ငံအဆင့် ဂိုးသမား ဖြစ်လာတာပဲ ရှိတယ်။ အရမ်းကြီး ထူးချွန်တဲ့ ပါရမီရှင် ဆိုတာတော့ မဟုတ်ဘူး။ ဒီနေ့ ခေတ်မှာလည်း ဒီအတိုင်းပဲ၊ သီဟစည်သူ၊ ကျော်ဇင်ထက် တို့ ကောင်းတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ပါရမီရှင် မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက ဂိုးသမား တွေလည်း ဒီထက် နည်းနည်း ပိုကြိုးစား လိုက်ရင် သူတို့လို ကောင်းလာမှာပဲ။ ပထမ ဂိုးသမား နိုင်ဇေယျာထွန်း ဆိုရင် နေထိုင်ပုံ အရမ်း တည်ငြိမ်တယ်။ အေးလည်း အေးဆေးတယ်။ ဒါပေမယ့် ကွင်းထဲမှာ ကျတော့ ထက်မြက် တက်ကြွနေဖို့ လိုအပ်တယ်။ ဂိုးသမား တစ်ယောက်ဟာ ရှေ့မှာ သူ့ အသင်း ဖြစ်နေတာကို အားလုံး မြင်နေရပြီး နောက်ကနေ ညွှန်ကြား နိုင်မှ တော်ရုံ ကျလိမ့်မယ်။

မေး - လက်ရှိ ရန်ကုန် အသင်းဟာ ကစားကွက်ပိုင်း အတော်လေး ကောင်းပေမယ့် ပွဲပြီးခါနီး အချိန်တွေမှာ ဂိုးတွေ ပြန်ပေး နေရတယ်။ အဲဒီ အချက်ကို ဘယ်လို ပြင်မယ်လို့ စီစဉ် ထားပါသလဲ?

ဖြေ - ကျွန်တော်က မြန်မာ့ လက်ရွေးစင် အဖြစ်နဲ့ရော၊ ဘဏ္ဍာ အခွန် ကစားသမား အနေနဲ့ပါ အလယ်တန်းလူ တစ်ယောက် အဖြစ် အကြာကြီး ကစားခဲ့ တာပါ။ ဒါကြောင့် အလယ်တန်း ပိုင်းကို အဓိကထား ပြောချင်တယ်။ မနှစ်က ရန်ကုန် အလယ်တန်းမှာ နိုင်ငံခြားသားတွေ ပါတယ်။ ဒီနှစ်မှာတော့ ပြည်တွင်း ကစားသမား တွေချည်းပဲ။ လက်ရှိ ရန်ကုန် အသင်းရဲ့ အလယ်တန်း အုပ်စုက မြန်မာ နိုင်ငံမှာ အကောင်းဆုံး မဟုတ်ရင်တောင် ထိပ်ဆုံး သုံးသင်း စာရင်းမှာ ရှိတယ် ဆိုတာ ကျွန်တော် ပြောရဲတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ အသက်က ငယ်နေသေးတော့ အတွေ့အကြုံ လေးတွေ လိုသေးတယ်။ ကြည်လင်း ဆိုရင် ဘောလုံးကို သုံး/လေး ချက်လောက် ထိပြီးမှ လူပေးတာမျိုး၊ လှမ်းကန်တာမျိုး လုပ်တတ်တယ်။ ရန်အောင်ကျော် ကျတော့ ဘောလုံး ကိုင်ပြီး ကွင်းလယ်မှာ လှုပ်ချင် လှုပ်နေ တတ်တယ်။ ဒေးဗစ်ထန်း ကတော့ ကောင်းတယ်။ ဒါပေမယ့် နောက်ဆုံး ပေးတဲ့ ဘောလုံးတွေမှာ အားနည်း နေတယ်။ ရာဇာဝင်းသိန်း ကတော့ ပါဝါ နည်းနည်း လိုတာက လွဲရင် အတော်များများ အဆင် ပြေပါတယ်။ အဲဒီ ကစားသမား တွေကို ကျွန်တော်တို့က ကြုံခဲ့တဲ့ အတွေ့အကြုံ၊ ဖြစ်လာ နိုင်တဲ့ အခြေအနေ တွေပေါ် မူတည်ပြီး ကစားပုံ ပြောင်းအောင် သင်ပေးရမှာပါ။ ကျွန်တော်တို့ သင်ပေး လိုက်တဲ့ ကစားပုံဟာ ရန်ကုန် တစ်သင်းတည်း အတွက် မဟုတ်ဘဲ မြန်မာ့ လက်ရွေးစင် အတွက်မှာပါ အထောက် အကူ ပြုဖို့ ရည်ရွယ်ပါတယ်။ သင်ပေးလိုက်တဲ့ ကစားကွက်ကို သူတို့ ကိုယ်တိုင် ကစားပြီး အရသာ တွေ့မှ အဆင် ပြေမှာပါ။

မေး - ရန်ကုန် အသင်းဟာ ပယ်နယ်တီ ဧရိယာ အစပ်ကနေ ဂိုးကန်သွင်း ခံရတာမျိုး၊ ပယ်နယ်တီ ဧရိယာထဲမှာ လွတ်လွတ်လပ်လပ် ခေါင်းတိုက် ခံရတာမျိုး ခဏခဏ ဖြစ်ပါတယ်။ အဲဒီ အချက်ကိုရော ဘယ်လို မြင်ပါသလဲ?

ဖြေ - ခံစစ် ကစားတဲ့ နေရာမှာ ဇုံအလိုက် ကစားတာနဲ့ တစ်ဦးချင်း အလိုက် ကစားတာ ဆိုပြီး နှစ်မျိုး ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံ အနေအထား အရ ပယ်နယ်တီ ဧရိယာစည်း အပြင်ဘက်မှာ အထိ ဇုံအလိုက် ခံစစ် ကစားရင် အဆင် ပြေပေမယ့် ဧရိယာထဲ ရောက်ရင်တော့ တစ်ဦးချင်း ကစားမှ ဖြစ်လိမ့်မယ်။ မြန်မာ နေရှင်နယ်လိဂ် အသင်းတွေမှာ ခန္ဓာကိုယ် ထွားတဲ့ နိုင်ငံခြားသား တွေရှိတယ်။ သူတို့က ဧရိယာ ထဲမှာ အပိုင်ကပ် မကစားရင် ကမ္ဘောဇနဲ့ ပွဲကလို ခေါင်းတိုက် ခံရမှာပဲ။ ကျွန်တော်တို့ အသင်း နောက်တန်းလူ အားလုံးဟာ သာမန် အဆင့်ရှိတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ သာမန်ထက် ပိုကောင်းပြီး လက်ရွေးစင် အဆင့် ရှိတဲ့ သူတွေ ချည်းပါပဲ။ ဗဟို နောက်ခံလူ တွေဆိုရင် အရပ်အမောင်း မြင့်ပြီး ခေါင်းတိုက်ဘော ရှင်းတဲ့ နေရာမှာ ကောင်းတယ်။ သူတို့ကို တာဝန် လေးတွေ သေသေချာချာ ရှင်းပြ လိုက်ရင် ခေါင်းတိုက် ခံရတာမျိုး နည်းသွားလိမ့်မယ်။

မေး - ရှေ့လာမယ့် အပတ် ဆိုရင် ကျွန်တော်တို့ အသင်းဟာ မုံရွာကွင်းမှာ ဇေယျာရွှေမြေ အသင်းနဲ့ ရင်ဆိုင် ရတော့မယ်။ ဇေယျာဟာ ဒုကျော့ အဖွင့် ၂ ပွဲစလုံး ရလဒ်ဆိုးပြီး တစ်မှတ်မှ မရသေးပါဘူး။ ဒီ အချိန်မှာ သူတို့ဟာ အိမ်ကွင်းမှာ ကစားခွင့် ရတာကို ပရိသတ် အင်အားနဲ့ အကောင်းဆုံး အသုံးချပြီး ရန်ကုန်ကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားပါလိမ့်မယ်။ အဲဒီပွဲ အတွက်ရော ဘယ်လိုများ စဉ်းစားထား သလဲ?

ဖြေ - မုံရွာကွင်းဟာ ပြိုင်ဘက် အသင်း အတော် များများ အတွက် ခက်ခဲတဲ့ နေရာပါ။ ရန်ကုန်ဆိုရင် အဲဒီကွင်းမှာ တစ်ခါမှ မနိုင်ဖူးဘူး။ ကွင်း အနေအထား ကြောင့်ရော၊ ရာသီဥတု အပြောင်းအလဲ ကြောင့်ပါ ရလဒ် မကောင်းခဲ့ တာလို့ ဆိုနိုင်တယ်။ အခု ချင်းနဲ့ ကစားမယ့် ပွဲက မုံရွာ ပွဲအတွက် အကြို ခြေစမ်းပွဲ လို့တောင် ဆိုနိုင်တယ်။ ချင်းနဲ့ ပွဲမှာ ကျွန်တော် စမ်းသုံး ချင်တာလေး တွေကို စမ်းသွားမယ်။ ရန်အောင်ကျော်တော့ ပွဲပယ်ကြောင့် မကစား နိုင်ဘူးပေါ့။ အခု ချင်းနဲ့ ပွဲမှာ အစစ အရာရာ အဆင် ပြေပြီ ဆိုရင် မုံရွာ ပွဲအတွက်လည်း ပူစရာ မလိုတော့ဘူး။ ပြိုင်ဘက် ကွာလို့ အထိုင် နည်းနည်း ပြောင်းတာက လွဲရင် အားလုံး အဆင် ပြေမယ်လို့ ယုံတယ်။

မေး - ၂၀၀၉ ခုနှစ်က စတဲ့ ရန်ကုန် အကယ်ဒမီဟာ အသင်းကြီးကို ဘယ်လောက်များ အထောက်အကူ ပြုနိုင်ပြီလဲ?

ဖြေ - အဲဒီ မေးခွန်းက ပြောရရင် နည်းနည်း ရှည်လိမ့်မယ်။ ဒါပေမယ့် လိုရင်း တွေကိုပဲ ကျွန်တော် ပြောမယ်။ အကယ်ဒမီ လုပ်တုန်းကတော့ ကလေးတွေ အများကြီးပဲ။ အတော် များများကိုလည်း မျှော်လင့် ထားခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ကျတော့ အသင်းကြီး ထဲကို ရောက်လာတာ အရမ်း နည်းတယ်။ ရန်နိုင်အောင်၊ စည်သူအောင် တို့လောက်ပဲ ရှိပြီး တကယ်တမ်း ပြောမယ် ဆိုရင် စည်သူအောင် တစ်ယောက်ပဲ အသင်းကြီး တံခါးဝကို ခေါက်နိုင် သေးတယ်လို့ ဆိုနိုင်တယ်။

မေး - ဒီနေ့ခေတ် လူငယ် ဘောလုံး သမားတွေဟာ ရတဲ့ လစာနဲ့ အခွင့် အရေးတွေကြောင့် မပျက်စီး သင့်ဘဲ ပျက်စီးပြီး သူတို့ ဘ၀ကို သူတို့ ကိုယ်တိုင် ပြန်ဖျက် နေတယ် ဆိုရင် ဆရာ ဘာပြောမလဲ?

ဖြေ - ဘောလုံး သမား အတော် များများဟာ အပျော်အပါး မက်ပြီး မိဘနဲ့ ဝေးတဲ့ သူတွေ များပါတယ်။ ကျောင်း ပညာရေး ကိုလည်း တခြား ကလေး တွေလောက် ဖိဖိစီးစီး မလုပ်ခဲ့တော့ တချို့ နေရာတွေမှာ နည်းပြနဲ့ အသင်း အုပ်ချုပ်သူ တွေက ၀ိုင်းထိန်းပေးဖို့ လိုတာ အမှန်ပဲ။ တချို့ ဘောလုံး သမားတွေ ဆိုရင် ငွေကြေးရဲ့ ဒဏ်ကို မခံနိုင်ဘဲ ပျက်စီး သွားကြတယ်။ အသင်းမှာ ဆိုရင်လည်း စီနီယာ တွေကို အလေးထား ရမှန်း၊ ရိုသေရမှန်း မသိတဲ့ တချို့ ကလေးတွေ ရှိတယ်။ ကျွန်တော်တို့ ၀န်ကြီး ဌာန အသင်းတွေ ကစားတုန်း ကတော့ လေ့ကျင့်ခန်း ဆင်းချင်တဲ့ ကလေးတွေ ဘ၀က အတော်ကြမ်း ပါတယ်။ လေ့ကျင့်ခန်း ဆင်းဖို့ အိမ်ကနေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာပြီး ဘောလုံးသယ်၊ ဘောလုံးကောက်၊ ရေဗူးသယ်နဲ့ အတော်လေး ကြိုးစားရတယ်။ အသင်းကြီး ကစားသမားတွေ နှစ်ဘက် ခွဲကန်တဲ့ အချိန်မှာ ဒဏ်ရာ ရတာမျိုး၊ မကစား နိုင်တာမျိုး ဖြစ်တော့မှ သူတို့တွေ လူစားဝင် ကစားရ တာပါ။ အခုတော့ အကယ်ဒမီ တွေမှာက ဒီလို မဟုတ်ဘဲ အဆင်သင့် ကစားရ သလို ဖြစ်နေတယ်။ လူ့ သဘာဝ ကိုက လွယ်လွယ်နဲ့ ရရင် တန်ဖိုး မထားတာမျိုး ဖြစ်တတ်တော့ ဒါမျိုးက ရှိနေမှာပဲ။ ဘဏ္ဍာ အခွန် လူငယ်က ဆိုရင် မင်းမင်းသူ၊ ကောင်းစည်သူ၊ မိုင်းအိုက်နိုင် တို့လို လက်ရွေးစင် အဆင့်ရှိတဲ့ ကစားသမား တွေကို မွေးထုတ် နိုင်ခဲ့တယ်။

မေး - နောက်ဆုံး မေးခွန်းနဲ့ အဆုံးသတ် ပါရစေ။ ဒီနှစ်ရန်ကုန် အသင်းရဲ့ ချန်ပီယံဆု ကို ဘယ်အသင်း ကများ အဓိကထား ခြိမ်းခြောက် နိုင်ပါသလဲ?

ဖြေ - မြန်မာ နေရှင်နယ်လိဂ်မှာ (၁၄) သင်း ရှိပေမယ့် ဗိုလ်စွဲ နိုင်တဲ့ အသင်းက (၅) သင်းပဲ ရှိတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော်တို့ အသင်း အပါအ၀င် ရတနာပုံ၊ ကမ္ဘောဇ၊ ဧရာဝတီနဲ့ ဇေယျာရွှေမြေ တို့ပါပဲ။ ရတနာပုံ ဆိုရင် ချန်ပီယံ အတွေ့အကြုံ ရှိသလို နိုင်ငံခြားသား တွေက တော်တော် အားကိုးရတယ်။ နောက် တစ်သင်းက ကမ္ဘောဇပါ။ သူတို့ အသင်းရဲ့ ပြည်တွင်း ကစားသမား အင်အားက အတော်လေး ကောင်းပြီး နိုင်ငံခြားသား တွေကလည်း အဆင်ပြေတယ် ဆိုတော့ သတိထား ရမယ့် အသင်း စာရင်းမှာ ထည့်ထားချင်တယ်။ အဲဒီ အသင်းတွေက လွဲရင် နေပြည်တော် တစ်သင်း လောက်ပဲ ရှိပြီး သူတို့လည်း ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်မယ်ဆို မျှော်နိုင်သေးတယ်။ 


www.ygnutd.com

No comments: