ရန်ကုန် အသင်း နည်းပြချုပ်
ဦးတင်မောင်ထွန်းက
ချင်းယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရသည့် ပွဲတွင် ပါဝင် ကစားခဲ့သည့်
ကစားသမား များ၏ ခြေစွမ်းနှင့် ခံယူချက်ကို အလွန် အားရ ကျေနပ်မိသည်ဟု
ပြောကြားသည်။
ရန်ကုန် အသင်းသည် အဲရစ်ဝီလျံ ထွက်ခွာ သွားပြီးနောက် ယာယီ နည်းပြချုပ် အဖြစ်
ဦးတင်မောင်ထွန်းက တာဝန်ယူ လျှက်ရှိပြီး ပွဲဦးထွက်တွင် ချင်း
ယူနိုက်တက်ကို (၀-၆)ဖြင့် ဂိုးပြတ် အနိုင် ရခဲ့သည်။
“ပထမဆုံး ပွဲမှာ ချင်း ယူနိုက်တက်လို အသင်းနဲ့ တွေ့ရတာ ကံကောင်း ပါတယ်။
ဒီလို ပြောတာဟာ သူတို့ အသင်းကို နှိမ့်ချ စော်ကားတာ မဟုတ်ဘဲ အမှန်အတိုင်း
ဝေဖန်တာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဆုံးဖြတ်ပိုင်ခွင့် အားလုံးက ကျွန်တော့်
လက်ထဲမှာ ရှိပြီး နည်းပြ အဖွဲ့ဝင် တွေနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။
ဒီပွဲမှာ ပြည်တွင်း ကစားသမား တွေရော၊ နိုင်ငံခြားသား တွေပါ ကစားတာ အတော်
ကောင်းပါတယ်။ တိုက်စစ်မှူး နယူချီ ဆိုရင် ဂိုးမရပေမယ့် တွဲဖက် ကစားဖော်
ဆီဇာ ဂိုးရအောင် အများကြီး လှုပ်ကစား ပေးခဲ့တယ်။ သူ့ ပုံစံက အရမ်း
ဂိုးသွင်းချင်စိတ် များနေတော့ ဂိုးမရနိုင်ဘဲ အခက်တွေ့ နေပုံ ရတယ်။
သူ့ကိုလည်း ကျွန်တော်က စိတ်အေးအေး ထားပြီး ဘောလုံးကိုပဲ အာရုံစိုက်
ကစားဖို့ တိုက်တွန်းထား ပါတယ်။ ဘောလုံး အားကစားမှာ ဂိုးလိုချင်စိတ်နဲ့
အတင်း တွန်းကစားမယ် ဆိုရင် ဂိုးမရနိုင်ဘဲ တစ်ကိုယ်ကောင်း ဆန်သလိုမျိုး
ဖြစ်သွားလိမ့်မယ်” ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။
ရန်ကုန် အသင်းသည် လာမည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်တွင် ဇေယျာရွှေမြေ
အသင်းကို မုံရွာကွင်း၌ သွားရောက် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုပွဲနှင့်
ပတ်သက်၍လည်း တိုက်စစ်ဖွင့် ကစားမည် ဖြစ်ကြောင်း ယခုလို ပြောကြားသည်။
“မုံရွာကွင်းမှာ နှစ်ပွဲ သွားကစား ဖူးပါတယ်။ နှစ်ပွဲစလုံး ရှုံးတယ်။
တစ်ပွဲကို ဗဟို နောက်ခံလူ တစ်ယောက်စီ အထုတ် ခံရတယ်။ ဒီ အတွေ့အကြုံ တွေက
ကျွန်တော်တို့ကို ကောင်းကောင်း အထောက်အကူ ပြုမှာပါ။
အခုဆိုရင်
ဇေယျာရွှေမြေက ဒုတိယ အကျော့ နှစ်ပွဲစလုံး ရှုံးထားလို့ သူတို့ အိမ်ကွင်းမှာ
အသေအချာ ပြင်ဆင်မှာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က သူတို့ကို
သူတိုက်၊ ကိုယ်တိုက် ဖွင့်ကစား သွားမှာပါ။ အပွင့်လင်းဆုံး ပြောရမယ် ဆိုရင်
ကျွန်တော့် ကစားသမား တွေရဲ့ ခြေစွမ်းကို ကျွန်တော် ယုံတယ်။ ဇေယျာရွှေမြေဟာ
လေးစားစရာ ကောင်းတဲ့ ပြိုင်ဘက် ဆိုပေမယ့် ကျွန်တော့် ကစားသမား တွေက
သူတို့ထက် ပိုကောင်းအောင် ကစားနိုင် မယ်လို့ ကျွန်တော် ယုံတယ်။
အဲဒီပွဲမှာလည်း ကစားသမား တွေကို အခု ချင်းနဲ့ ပွဲလို မျိုးပဲ
လွတ်လွတ်လပ်လပ် ကစားခွင့် ပြုသွားမှာပါ” ဟု ဦးတင်မောင်ထွန်းက ဆိုသည်။
ဦးတင်မောင်ထွန်းသည် ရန်ကုန် အသင်းကြီးကို နည်းပြချုပ် အဖြစ် ပထမဆုံး
တာဝန်ယူ ရသည့်ပွဲ၌ ခြေစွမ်းပြ ဂိုးပြတ် အနိုင် ရခဲ့သောကြောင့် အသင်း
အုပ်ချုပ်သူများ ဘက်ကလည်း အလွန် အားရ ကျေနပ်သည်ဟု ချီးကျူးလျက် ရှိသည်။
www.ygnutd.com
No comments:
Post a Comment