အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.
ရန်ယူ မန်ယူ ဘယ်တော့မှ အလံဖြူမပြကြေး
မန်ယူလို့ ဆိုလိုက်တာနဲ့  မန်ချက်စတာ ယူနိုက်တက်ကို ဆိုလိုမှန်း ဘောလုံး ပရိသတ်တွေ သိကြပါတယ်။ ရန်ယူ ဆိုတာ ကတော့ ကျွန်တော် တစ်ယောက်တည်း သုံးနှုန်းတဲ့  အတိုကောက် အသုံးအနှုန်းလေး တစ်ခုပါ ။ ရန်ကုန် ယူနိုက်တက် အသင်းကို ရည်ရွယ်ပါတယ်။ မဆီမဆိုင် ဘာကြောင့်များ ဒီ၂သင်းကို ယှဉ်တွဲ သုံးနှုန်းရလဲ ဆိုရင်တော့ ဒီ၂သင်းမှာ တူညီချက်တွေ အများအပြား ရှိနေသလို ဒီ၂သင်းနဲ့  ပက်သက်လို့  ကျွန်တော့်ရဲ့  ခံစားချက်တွေက လည်း တူညီမှုတွေ အများအပြား ရှိခဲ့တာကြောင့်ပါ ။ နောက်ပီး ၂သင်းလုံးက ကျွန်တော့်ရဲ့  အရူးအမူး အားပေးတဲ့ အသင်းတွေလည်း ဖြစ်နေတာ မို့ ပါဗျာ။
ရန်ကုန် အသင်းရဲ့  ပွဲစဉ်တွေကို တီဗွီက ကြည့်တာထက် ကွင်းထဲ အရောက် သွားကြည့်ရတာ ပို သဘောကျမိပါတယ် ။ ဘာလို့ လဲ ဆိုတော့ ကိုယ့်လို အသင်းကို ချစ်တဲ့ ပရိသတ်တွေနဲ့  အတူတကွ အားပေးရင်း စိတ်လွတ် လက်လွတ် အော်ဟစ် ရတာကို သဘောကျ နှစ်ခြိုက်မိလို့ ပါဗျာ ။ ဒီလိုပါပဲ မန်ယူ အသင်းရဲ့  ပွဲစဉ်တွေကိုလည်း အိမ်မှာ တစ်ယောက်တည်း ထိုင်ကြည့် ရတာထက် ကိုယ်နဲ့ အကြိုက်တူ ၀ါသနာတူတွေနဲ့  လမ်းထိပ်က လက်ဘက်ရည် ဆိုင်မှာ အတူ စုဝေးကြည့်ရှုရတာကို ပိုနှစ်သက်မိပါတယ်။
တစ်ခါတုန်းက ပေါ့ဗျာ ၊ အရှန်အ၀ါ ကြီးမားတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို မန်ယူအသင်း ဖိုင်နယ်တက်ခဲ့တုန်းက ပေါ့ ၊  မန်ယူ အင်္ကျီ လေးဝတ်ပြီး လမ်းထိပ်က လက်ဘက်ရည် ဆိုင် မှာ အားရပါးရ အားပေးဖြစ် ခဲ့ပါတယ် ။ အီတူးရဲ့ သွင်းဂိုးနဲ့  ပြိုင်ဘက် အသင်းက ဦးဆောင်နေတဲ့ အခါ စိတ်လှုပ်ရှားမှုက အထွတ် အထိပ်ကို ရောက်ရှိနေ ခဲ့ပါတယ် ။ ပီကယ်တွေ လှိမ့်ဝါးနေတဲ့ အဘိုးကြီး ကလည်း အကြံကုန် ဂဠုန် ဆားချက်နေပါပြီ ။ တိုက်စစ်မှာ ဘာဘာတော့ဗ် ၊ ရွန်နီ ၊ တီဗက် ၊ ဒိုလေး ၄ယောက်ထိ ထုတ်သုံးနေ ခဲ့ပါတယ် ။ ခြေပဂိုး များ ရတော့မလားရယ်လို့  မျှော်လင့်တကြီး စောင့်စားနေချိန်မှာပဲ မထင်မှတ်တဲ့ ခေါင်းတိုက်ဂိုးနဲ့  မန်ယူ အသင်း ဂိုးထပ်ပေး လိုက်ရတယ် ။ ကျွန်တော်လည်း စိတ်ပျက် လက်ပျက်နဲ့  ၀တ်လာတဲ့ မန်ယူ အင်္ကျီကို ချွတ်ပီး လမ်းမပေါ် လွှင့်ပစ် ဖနောင့်နဲ့ ပေါက်ပီး ပေါက်ကွဲမှုတွေ ပြင်းထန်ခဲ့ပါတယ်။  ကျွန်တော့်လိုပဲ မန်ယူ ပရိသတ်တွေလည်း မန်ယူရဲ့  အရှုံးအတွက် အဆုံးစွန် စိတ်ပျက် ခဲ့ကြပေမယ့်  ပွဲပြီးလို့ အိမ်ပြန်ချိန် မှာတော့ ပြိုင်ဘက်ရဲ့  ထိုက်တန် တဲ့ အနိုင်အတွက် မန်ယူ ပရိသတ်တွေ ချီးမွမ်း ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင်က ပွဲသိမ်း ခရာမှုတ်လိုက်ချိန်မှာတော့  မန်ယူ ပရိသတ်တွေရဲ့  ညီညာစွာ ထွက်ပေါ်လာတဲ့ လက်ခုပ်သံဟာ လေးစားစရာကောင်း ခဲ့ပါတယ်။   ဒါက မန်ယူ ပရိသတ်တွေရဲ့  ပြိုင်ဘက်ကို လေးစားမှု ပေါ့ဗျာ။
ဒီလိုဖြစ်ရပ်နဲ့ ထပ်တူထပ်မျှ ရန်ယူပွဲ တစ်ခုမှာလည်း ကျွန်တော်ကြုံခဲ့ ရဖူးတယ်လေ။ ရှုံးထွက် ပြိုင်ပွဲ တစ်ခုမှာ ဦးဆောင်ဂိုးပေး လိုက်ရတဲ့  ရန်ယူ အသင်းဟာ ခြေပဂိုးရဖို့  ပြိုင်ဘက်ကို ဖိ ကစားနေပါတယ်။ ပွဲပြီးခါနီးလေ ရန်ယူတို့ ဖိကစားနိုင်လေ ပါပဲ။ ခြေပဂိုးပြန် ရဖို့ အစွန်းကုန် တိုက်စစ်မြှင့်နေချိန်မှာပဲ မထင်မှတ်တဲ့  တန်ပြန် တိုက်စစ်က တစ်ဆင့် ပြိုင်ဘက် အသင်း ဂိုးသွင်းယူ သွားခဲ့ပြန် ပါတယ်။ ပွဲ အပြီးမှာတော့  ရန်ကုန် ပရိသတ်တွေရဲ့  ပေါက်ကွဲ အားက အလွန်ပဲပြင်းထန် ခဲ့ပါတယ်။ ကိုယ့်အသင်း ကိုယ် အော်ဟစ်ပြစ်တင် ခဲ့ကြပြီး အကျီ င်္တွေချွတ် ကွင်းထဲ လွှင့်ပစ် ခဲ့ကြပါတယ်။ တစ်ချို့ ဆို အသင်း အကျီ င်္ကို မီးရှို့ တက်နင်း ခဲ့ကြတဲ့ အထိပါပဲ။ အနိုင်ရ သွားတဲ့  ပြိုင်ဘက် အသင်းကလည်း  ရန်ယူ ပရိသတ်တွေရဲ့  ပေါက်ကွဲ ဒေါသဖြစ်မှုတွေကို စိုးရိမ် ထိတ်လန့် နေကြပြီး ကွင်းထဲ ကနေ ချက်ချင်းပြန် မထွက်ရဲကြပါဘူး။ အဲ့ဒီ အချိန်မှာပဲ တာဝန် ရှိသူတွေက သံဇကာတွေ ကာရံထားတဲ့  ကစားသမားတွေ ရဲ့ ၀င်ပေါက် အမိုးအကာကြီးကို ကွင်း အစပ်နားထိ ဆွဲထုတ်ပြီး ကစားသမားတွေ ကွင်းပြင်ပြန် ထွက်ဖို့  အကာအကွယ် လုပ်ပေးနေကြ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိုးရိမ်မှုက မလိုအပ် ခဲ့ပါဘူး။ ပြိုင်ဘက် အသင်း ကွင်းပြင်ပြန်ထွက်တဲ့ အခါ ရန်ယူ ပရိသတ်တွေက ရန်လိုတဲ့ အမူအရာ လုံးဝမရှိပဲ ပြိုင်ဘက်ကို လက်ခုပ် တီးပီး အားပေး ခဲ့ကြပါတယ်။ ဒါဟာ ပြိုင်ဘက်ရဲ့ ထိုက်တန်တဲ့ အနိုင်အတွက်  ရန်ယူ ပရိသတ်တွေရဲ့  ဂုဏ်ပြု အားပေးမှု တစ်ခုပေါ့ဗျာ။ မန်ယူ နဲ့  ရန်ယူ ပရိသတ်တွေဟာ ပြိုင်ဘက်ရဲ့ ထိုက်တန်တဲ့ အနိုင် ရလာဒ်ကို အဲ့ဒီလို တူညီစွာ  ဂုဏ်ပြု အားပေးတတ်ကြပါတယ်။
မန်ယူ ဆိုတာ အမြဲတမ်း လိုလို ပြိုင်ဘက်တွေရဲ့ လေးစား အထင်ကြီးမှုတွေနဲ့ အတူ ချန်ပီယံဆု အတွက် အမြဲတမ်း ရေပန်းစားလေ့ ရှိတဲ့ အသင်းဖြစ် သလို ရန်ယူဟာ လည်း နှစ်စဉ်နှစ်တိုင်းမှာ ဆုဖလား မရခဲ့သည့်တိုင်  နာမည်ကြီး အသင်း တစ်သင်းအဖြစ် အရှိန်အ၀ါကြီးမားလွန်း ခဲ့ပါတယ်။ တစ်ချိန်က ချန်ပီယံ အကြိမ်များစွာ ဖြစ်ခဲ့ဖူးတဲ့ လီဗာပူးရဲ့ စံချိန်ကို မန်ယူတို့  အမှီလိုက်ပြီး ကျော်ဖြတ်နိုင် ခဲ့သလို  အတိတ် သမိုင်းကြောင်းထဲက အောင်မြင်မှုတွေ နဲ့  အရှိန်အ၀ါကြီးမား ခဲ့တဲ့ ရတနာပုံ အသင်းရဲ့  အောင်မြင်မှု တွေကို ရန်ယူတို့ ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေ ပါပြီ။ မန်ယူဟာ ကွင်းလယ်ဒိုင်တွေရဲ့  လွန်ကဲတဲ့ ဆုံးဖြတ် ချက်တွေကြောင့် အထိနာ ခဲ့ရတာတွေ အကြိမ်တော်တော် များများ ရှိပင် ရှိ ခဲ့ငြားသော်လည်း ဒိုင်ကူ မန်ယူရယ်လို့  မနာလို သူတွေ ပြစ်တင် ကဲ့ရဲ့ကြ သလို ရန်ယူ အသင်းဟာ လည်း ဒိုင်ရဲ့မျက်နှာသာပေးမှုကို မခံ  ရဘဲ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြားမှာ နစ်နာ ခဲ့ရတာတွေ များ ခဲ့ပေမယ့် ပြိုင်ဘက် ပရိသတ်တွေ ကတော့ ရန်ယူကို ဒိုင်ကူ သယောင် ထင်မှတ်ကြပြန်ပါတယ်။ မန်ယူဟာ မိနစ် ၈၀အထိ အရှုံးနဲ့  ရင်ဆိုင်နေ ရပေမယ့် မန်ယူ ရှုံးပြီလို့  ပြောလို့ မရလောက်အောင် နောက်ဆုံး မိနစ်ထိ တိုက်ပွဲ ၀င်တတ်  ၊ ဆုဖလားတွေ ရယူတတ် သလို ရန်ယူ အသင်းဟာလည်း အနိုင်မခံ အရှုံး မပေးတတ်တဲ့ စိတ်ဓါတ် အပြည့်နဲ့  နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင် ဆုဖလား ရယူတတ်တဲ့ အသင်းဖြစ်နေပြန် ပါတယ် ။
မန်ယူ အသင်းဟာ အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေကို ၀ယ်ယူ အားဖြည့်ပြီး အောင်မြင်မှုကို  တည်ဆောက်ခြင်းမျိုး မဟုတ်ပဲ လူငယ် ကစားသမား ငယ်မွေးခြံပေါက်တွေနဲ့  အောင်မြင်မှုကို တည်ဆောက် ယူတတ် သလို ရန်ယူဟာ လည်း အခုချိန်မှာ အသင်းရဲ့  ငယ်မွေး ခြံပေါက်တွေဖြစ်တဲ့ ရန်အောင်ဝင်း ၊ ကြည်လင်း ၊ ဒေးဗစ်ဒန်း ၊ ရန်အောင်ကျော် ၊ ပြည့်ဖြိုးအောင် ၊ နိုင်ဇေယျာထွန်း ၊ ကောင်းစည်သူ ၊ အောင်သိုက် စတဲ့ လက်ရွေးစင် အဆင့် ရှိလာပြီးဖြစ်တဲ့ ကစားသမားတွေနဲ့  အကောင်းဆုံး အနေအထားမှာ ရှိနေ ခဲ့ပြန်ပါတယ်။
အဲ့ဒီလို တိုက်ဆိုင်မှုတွေ ၊ တူညီမှုတွေ အကြားမှာ ကျွန်တော့် အတွက်ဂုဏ်ယူ စရာတွေ ပြည့်နှက်နေ သလို အခုချိန်မှာ စိုးရမ်မှု တစ်ချို့ ရှိနေ ခဲ့ပြန်ပါတယ်။ မန်ယူရဲ့  စံချိန် ချိုးဖျက်မှုကို မလိုလား ထိတ်လန့် စွာနဲ့  ဒရော့ဘာရဲ့ ပြေးလမ်းကြောင်းထဲ ကို အကောင်းဆုံး ဘောလုံးဖန်တီးပေးပို့  ခဲ့တဲ့  စတီဗင် ဂျရတ်ရဲ့  လုပ်ရက်ကြောင့် မန်ယူ အသင်း အထိနာ ခဲ့ရသလို  ရန်ယူ အသင်းမှာရော ဒီလို ဖြစ်ရပ်မျိုး  မြင်တွေ့ ရမလား စိုးရိမ် မိပါတယ်။ တိုက်ဆိုင်မှုတွေကလည်းရှိနေ ပြန်တယ်လေ။ မန်ယူ အသင်းဟာ အဲ့ဒီ ရာသီမှာ အားကစား စိတ်ဓါတ်မရှိတဲ့ လုပ်ရပ်ကြောင့်  ပြိုင်ဘက်ရဲ့  တစ်မှတ် အသာနဲ့  အနိုင် ယူမှုကို ခံခဲ့ရတယ်။ ဒီလိုပါပဲ ။ မနှစ်က နောက်ဆုံး ရာသီသိမ်း ပွဲစဉ်မှာ ကျူပီအာရဲ့ လုပ်ပွဲလို့ ယူဆလို့ ရတဲ့  လုပ်ရပ်ကြောင့် နောက်ဆုံး မိနစ်မှ ဆုဖလား လက်လွှတ် ခဲ့ရတယ်။ ဘော်တန် အသင်းအနိုင် ရနေချိန်မှာ တစ်ယောက်လျော့နေတဲ့  ကျူပီအာ ဟာ အနိုင် ဂိုးတောင် သွင်းယူနိုင် ခဲ့ပြီးမှ ဘော်တန်ရဲ့  အခြေ မလှမှုမှာ အလိုလို တန်းဆင်းစရာ မလိုတော့တဲ့ အချိန်လည်း ရောက်ရော မိနစ်၉၀လုံးလုံး တောင့်ခံထားတဲ့ ခံစစ်က ခြေပဂိုးရော အနိုင်ဂိုးရော ခွင့်ပြုလိုက်တယ် ဆိုတာ သာမာန်ဖြစ်ရိုးဖြစ်စဉ် လို့  ကျွန်တော်တော့ မသတ်မှတ်နိုင် ပါဘူးဗျာ။
အဲ့ဒီနေ့ က မန်စီးတီး-ကျူပီအာ ပွဲစဉ်ကို ကျွန်တော အိမ်မှာကြည့်နေ ခဲ့ပါတယ်။ မိနစ် ၉၀ရောက်လာတော့ မန်ယူ ဆုဖလား ရဖို့ ကျိန်းသေပြီ ဆိုပြီး ပျော်ရွှင်မှု တစ်ပွေ့ တစ်ပိုက်နဲ့  ၀ါသနာတူ မိတ်ဆွေတွေနဲ့  အောင်ပွဲခံဖို့  လမ်းထိပ်က လက်ဘက်ရည် ဆိုင်ကို ထွက်လာ ခဲ့ပါတယ်။ မကြာခင်မှာ ပဲ မန်စီးတီး  ချေပဂိုးပြန် သွင်းသွားတာ တွေ့ လိုက် ရပါတယ်။ အဲ့ဒီ အချိန်မှာ မန်ယူပွဲက ပြီးသွား ခဲ့ပါပြီ။ မန်စီးတီး – ကျူပီအာ ပွဲစဉ်ရဲ့  လက်ကျန် မိနစ်ပိုင်းလေးက မန်ယူ ပရိသတ်တွေ အတွက် ရှည်ကြာ လွန်းခဲ့ပါတယ်။ ပွဲသိမ်း ခရာ စောင့်ဆိုင်းနေ ချိန်မှာပဲ မန်စီးတီး အနိုင်ဂိုး ရသွား ခဲ့ပါတယ်။ အဲ့ဒီ အချိန်က ကျွန်တော့်ရဲ့  ခံစားချက် ကတော့ ပြော မပြတတ်လောက်အောင် ပါပဲ။ အဲ့ဒီပွဲစဉ်နဲ့ ပက်သက်လို့   ကျွန်တော့်စိတ်ထဲ အမည်ပေး ခေါင်းစဉ် တပ်မိတာက ကျူပီအာ ပေးတဲ့ လက်ဆောင် ဆုဖလား လို့ပေါ့ဗျာ။ အခုဆိုရင် ရန်ယူအသင်းဟာ လည်း ဒီလိုဖြစ် ရပ်မျိုးနဲ့  ရင်ဆိုင်ရနိုင်တဲ့  အခြေ အနေတွေ ရှိနေပြန်ပါတယ်။ မန်ယူ အသင်းရဲ့  ထိုက်တန်တဲ့ကြိုးစား အားထုတ်မှုနဲ့  ရသင့်တဲ့ အောင်မြင်မှုတွေဟာ  ဖျက်လို ဖျက်ဆီး လုပ်ခံခဲ့ရတာ ရင်နာစရာ ကောင်းလွန်း ပါတယ်။ ချဲလ်ဆီးကို တစ်မှတ် အသာနဲ့  ဆုဖလားပေး  လိုက်ရပေမယ့် မန်ယူ အသင်းဟာ အကောင်းဆုံး တုန့် ပြန်မှုတွေနဲ့  နောက်နှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားပြန်လည် ရယူပြီး လီဗာပူးရဲ့ စံချိန်ကို ကျော်ဖြတ် ခဲ့ပါတယ်။
မန်ယူ အသင်းရဲ့  အောင်မြင်မှု သမိုင်းကြောင်းကို ဘယ်သူတွေ ဘယ်လို ဖျက်ချင်၊ တာဆီး ချင်ပေမယ့် မန်ယူရဲ့ အကောင်းဆုံးကြိုးစား အားထုတ်မှုတွေ အတွက် အချိန်ကြာကြာ ဘယ်သူမှ မတားဆီးနိုင် ခဲ့ပါဘူး။ လာမယ့် ရာသီမှာလည်း ကျူပီအာ လုယူ သွားတဲ့  ဆုဖလားကို မန်ယူတို့  မရ ရအောင် ပြန်ယူနိုင်မယ် ဆိုတာ  ကျွန်တော်တို့ မန်ယူ ပရိသတ်တွေ အားလုံး ယုံကြည်မှု အပြည့် ရှိထားကြပါတယ်။ မန်ယူလို ဖြစ်ရပ်မျိုးတွေ ဒီရာသီ သိမ်း ပွဲစဉ်တွေမှာ ရန်ယူ အသင်း ကြုံတွေခဲ့ ရရင်လည်း ရန်ယူဟာ အောင်မြင်မှု ကို အကောင်းဆုံး ပြန်လည် တည်ဆောက် ပါလိမ့်မယ်။ အီတလီ စီးရီးအေမှာ  တတိယနေရာက ဂျူဗီတို့  လုပ်ပွဲ အရှုပ်တော်ပုံနဲ့ အတူ ထိပ်ဆုံးက ၂သင်းကို ကျော်ဖြတ်ဗိုလ်စွဲ ခဲ့ သလို၊ မန်ယူရဲ့ စံချိန်ချိုးမှုကို ကြောက်ရွံ့ စွာနဲ့ ချန်ပီယံ မဖြစ်နိုင်တော့တဲ့ အသင်းက အသင်းခေါင်းဆောင်ကြီး ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ခဲ့သလို၊ တန်း မဆင်းရတော့ဘူး လို့ သိလိုက်တဲ့ အချိန်မှာ တစ်ဖက် အသင်းကို ဖလား လက်ဆောင်ပေးတဲ့ အဖြစ်လို ဖြစ်ရပ်တွေ ရန်ယူတို့ ဒီရာသီမှာ ကြုံတွေ့ နိုင်တယ်လို့ စိုးရိမ် မိပါတယ်။ ဒါပေမယ့်  အခက်အခဲ အတားအဆီးတွေကြားမှာ စိတ်ဓါတ်ချင်း ထပ်တူကျတဲ့  မန်ယူနဲ့ ရန်ယူ ဆိုတာ ဘယ်တော့မှ ဘာကြောင့်မှ အလံဖြူ မထောင်ဘူး ဆိုတာတော့ မြေကြီး လက်ခတ် မလွဲပါပဲဗျာ။
www.myanmarstriker.com မှာ ကျွန်တော်ရေးသားထားတဲ့ဆောင်းပါးလေးကို ကူးယူဖေါ်ပြလိုက်ပါတယ် ။
ဒီနေရာမှာ  ၀င်ရောက်ဖတ်ရှု ဝေဖန်နိုင်ပါတယ် ။
Yangon United FC 2 - 1 Manaw Myay FC
မနောမြေ နှင့်ပွဲတွင် ပင်နယ်တီ ရရှိသင့်သည်ဟု အိုင်ဗန်ကိုလဗ် ပြော
        ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အိုင်ဗန်ကိုလဗ်သည် မနောမြေ အသင်းနှင့် ပွဲစဉ်တွင် သူ၏ အသင်းသည်လည်း ပင်နတီ ရရှိသင့်ကြောင်း ပြောကြားခဲ့သည်။
          အိုင်ဗန်ကိုလဗ်က “ ဒိုင်လူကြီးတွေကို သုံးသပ်ဖို့က ကျွန်တော့် အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တို့ အသင်းလည်း ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ရာဇာဝင်းသိန်း ကျူးလွန်ခံခဲ့ရတာ ပင်နယ်တီပေးကိုပေး ရမှာပါ။ ပြီးတော့ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ပင်နယ်တီကိုတော့ ကျွန်တော် သေချာမမြင်ခဲ့ဘူး။ ဒါပေမဲ့ ဂိုးသမား ကဘောလုံးကို အရင်ထိခဲ့ရင် ဒါဟာ ပင်နယ်တီ မပေးသင့်ပါဘူး။ မနောမြေနဲ့ ပွဲမှာ ကျွန်တော်တို့ အသင်း ပထမပိုင်းမှာ  အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ နားလည်မှား လွဲမှားမှု ကနေ ဂိုးတစ်ဂိုး ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့  ဒုတိယပိုင်းမှာ  အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အနိုင်ရခဲ့ တာကြောင့် ပင်နယ်တီ မရတာ ပြဿနာ မရှိခဲ့ပါဘူး” ဟု ပြောကြား ခဲ့ ခြင်းဖြစ်သည်။
          ထို့အပြင် အိုင်ဗန်ကိုလဗ် သည် တောင်ကြီးမြို့တွင် ယှဉ်ပြိုင် ကစားမည့် ကမ္ဘောဇ အသင်းနှင့် ရတနာပုံ အသင်းတို့၏ ပွဲစဉ်အား သရေကျရန် မျှော်လင့်သော်လည်း မိမိအသင်းကိုသာ သေချာပြင်ဆင် သွားမည်ဖြစ်ပြီး အခြားအသင်းများ၏ ရလဒ်များအား စိတ်ဝင်စားမည် မဟုတ်ကြောင်း နှင့် နောက်ခံလူ မျိုးဝင်းထွဋ်၏ ကစားပုံ ကောင်းမွန်ခဲ့ ပါက ပွဲထွက် လူစာရင်းတွင် ထည့်သွင်းရန် အသင့်ရှိကြောင်း ထပ်မံ ပြောကြားခဲ့သည်။
Posted by on August 25, 2012
www.myanmarstriker.com  မှ ကူးယူဖေါ်ပြသည် ။
ချန်ပီယံခြေစွမ်းဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်ရောက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ညနေ ၄နာရီ သုဝဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော မနောမြေအသင်းနှင့်ပွဲစဉ်အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးသို့  တက်ရောက်နိုင်ခဲ့ပြီဖြစ်သည် ။ ပထမပိုင်းအပြီးတွင် မနောမြေအသင်းက အငြင်းပွားဖွယ်ရာ ပယ်နယ်တီဂိုးဖြင့် ဥိးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကောင်းစည်သူအစား နယူချီကိုထည့်သွင်းကာ တိုက်စစ်အသားပေးပုံစံဖြင့် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ဖက်သက်နီးပါးဖိကစားနိုင်ခဲ့ပြီး ခြေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည် ။
ရန်ကုန်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် နိုင်ဇေယျာထွန်း ၊ ခင်မောင်လွင် ၊ အောင်သိုက် ၊ မျိုးဝင်းထွဋ် ၊ ရန်အောင်ဝင်း ၊ ဒေးဗစ်ဒန်း ၊ ကြည်လင်း ၊ ရာဇာဝင်းသိန်း ၊ရန်အောင်ကျော် ၊  ကောင်းစည်သူ ၊ ဆီဇာ တို့  ပါဝင်လာခဲ့ပြီး  ဒုတိယပိုင်းအစတွင် ကောင်းစည်သူအစား နယူချီ လူစားလဲပါဝင်ကစားခဲ့သည်။
ပထမပိုင်းတွင် ၂သင်းစလုံး ကစားပုံကောင်းမွန်ခဲ့ပြီး တိုက်စစ်မှုးများ အဆုံးသတ်အားနည်းမှုများကြောင့် အဖွင့်ဂိုးရရှီရန် ခက်ခဲနေခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင် ကွင်းလယ်ဒိုင် ဦးဝင်းထွဋ်က မနောမြေအသင်းအား အငြင်းပွားဖွယ်ရာ ပယ်နယ်တီကန်ခွင့်ပေးခဲ့သဖြင့် မနောမြေအသင်းက ပထမပိုင်းအပြီးတွင် ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သည် ။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်း ချန်ပီယံစိတ်ဓါတ်အပြည့်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ၅၃မိနစ်မှာ ကြည်လင်းရဲ့  ဖန်တီးမှုကို ဒေးဗစ်ဒန်း ကန်ချက်ပြင်းပြင်းဖြင့် ဂိုးသမား၏ ညာဘက်ထောင့်သို့ ကန်သွင်းကာ
ခေပဂိုးရယူနိုင်ခဲ့သည် ။ ၃မိနစ်အကြာတွင် ရန်ကုန်အသင်း၏ ကွင်းလယ်ကစားသမား ဒေးဗစ်ဒန်း၏ ညာတောင်ပံမှအကောင်းဆုံးဖန်တီးပေးပို့မှုကို နယူချီက ပိတ်သွင်းကာ ရန်ကုန်တို့  အနိုင်ဂိုးရရှိခဲ့သည် ။ ၈၆မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစးသမား ရာဇာဝင်းသိန်းကို မနောမြေအသင်းမှ ကျော်စွာလင်း ပယ်နယ်တီဧရိယာအတွင်း ဥပဒေပြင်ပ ကစားခဲ့သော်လည်း  ဒိုင်မှ ပယ်နယ်တီသတ်မှတ်ရန် ငြင်းဆန်ခဲ့သည်ကို တွေ့ ရသည် ။ ဒုတိယပိုင်းပွဲပြီးခါနီးလေ ဒိုင်၏ ဆုံးဖြတ်ချက်များမှာ မျှတမှုမရှိဘဲ ရန်ကန်ုအသင်းရသင့်သော ပစ်ဒါဏ်ဘောများကို လစ်လျူရှုခဲ့သည်ကိုတွေ့ ရသည် ။ဒုတိပိုင်းပိုင်းတွင် ရန်ကုန်နည်းပြ၏ နည်းဗျူဟာအပြောင်းအလဲများမှာ ထိရောက်မှုရှီခဲ့သည်ကိုတွေ့ ရသည် ။  ပွဲအပြီးတွင် ရန်ကုန်အသင်းက မနောမြေအသင်းကို ၂-၁ ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့သည် ။
ယနေ့ ပွဲစဉ်တွင် ဒေးဗစ်ဒန်း ၊ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း ၊ ကြည်လင်းတို့ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည် ။
ယနေ့  ပွဲ၏ man of the match အဖြစ် ဒေးဗစ်ဒန်းအား ရွေးချယ်လိုက်ပါသည် ။
credits to U Bo Htun (PR Manager @  YUFC )
နယူချီနှင့် မျိုးမင်းထွန်း တို့၏ ခြေစွမ်းအား အိုင်ဗန်ကိုလဗ် သုံးသပ်
ရန်ကုန် ယူနိုက်တက် အသင်း နည်းပြ အိုင်ဗန်ကိုလဗ်သည် သူ၏ အသင်းမှ ကစားသမား (၂)ဦးဖြစ်သော နယူချီနှင့် မျိုးမင်းထွန်း တို့၏ ခြေစွမ်းများအပေါ် သုံးသပ်မှုများ ပြုလုပ်သွားခဲ့သည်။
          အိုင်ဗန်ကိုလဗ်က“ နယူချီဟာ ကစားသမား ကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်က သူ့ကို သူ့စိတ်ကြိုက်နေရာမှာ ကစားခိုင်းရင် သူ့အနေနဲ့ ဂိုးမသွင်းနိုင်တော့ဘူး။ ကျွန်တော် သတ်မှတ် ပေးတဲ့ နေရာမှာ ဆိုရင်တော့ သူဂိုးတွေ သွင်းနိုင်ခဲ့တာကိုတွေ့ရတယ်။ နောက်တစ်ခုက နယူချီဟာ တစ်ပတ်မှာ (၂)ရက်လောက် လေ့ကျင့်ရေး မလုပ်နိုင်ဘူး။ ဒဏ်ရာရနေတယ်ဆိုပြီး လေ့ကျင့်ရေး တွေမှာ မပါဝင် တာတွေရှိတယ်။ ကျွန်တော်စိတ်ထင် သူဟာ ဒီမှာ (MNL) ကစားရတာ သူ့အတွက် လွယ်ကူတယ်လို့ ထင်နေပုံရပါတယ်။ ဒီလိုတွေးထားတော့ တကယ်တမ်း ကစားရတဲ့ အချိန်တွေမှာ ခြေစွမ်းက ပျောက်နေတတ် ပါတယ်။ မျိုးမင်းထွန်း ဆိုရင်လည်း လွန်ခဲ့တဲ့ (၇)နှစ်လောက်က ကျွန်တော် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့တုန်းက အားထားရတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့ ဒီ(၇)နှစ် အတွင်းမှာ သူရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူ့ခြေစွမ်း ကျဆင်းခဲ့ရ တယ်လို့ ထင်ပါတယ်။ ဒဏ်ရာတွေသာ သူ့ကို မနှိပ်စက်ခဲ့ဘူး ဆိုရင် မျိုးမင်းထွန်းဟာ အားထားရတဲ့ ကစားသမား တစ်ယောက်ပါ” ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
          ထို့အပြင် အိုင်ဗန်ကိုလဗ်သည် သူ့၏ အသင်းမှ ကစားသမား (၁၂) ယောက်အား လက်ရွေးစင် အသင်းနှင့် MNL ALL STAR အသင်းတို့အား စေလွှတ်ပေးခဲ့ရသည့် အတွက် ရန်ကုန်အသင်း၏ ပြင်ဆင်မှုများတွင် အခက်အခဲများ နှင့်ရင်ဆိုင် ခဲ့ရသည်ဟု ဖွင့်ဟခဲ့ဟည်။
Posted by on August 22, 2012
www.myanmarstriker.com မှ ကူးယူဖေါ်ပြပါသည် ။  
မနောမြေ အသင်းသည် လေးစားစရာ ကောင်းသည့် ပြိုင်ဘက်ဖြစ်ကြောင်း အီဗန်ကိုလက်ဗ် ပြောကြား
ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က လာမည့် စနေတွင် ကစားရမည့် မနောမြေနှင့် ပွဲသည် မျှော်လင့် မထားသည့် အခက်အခဲများ စောင့်ကြို နေနိုင်သည်ဟု ပြောကြားသည်။ ရန်ကုန် အသင်းသည် ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ်တွင် အသင်း ၂ သင်း တည်းကိုသာ ရှုံးနိမ့်ထားပြီး မနောမြေသည် ပထမ အကျော့တွင် ရန်ကုန်ကို (၂-၁)ဖြင့် အနိုင် ရခဲ့ဖူးသည်။
“ကျွန်တော့် အသင်းရဲ့ ဒဏ်ရာ ပြဿနာက ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး။ ကျော်ဒွန်း မကစားနိုင်ဘူး။ မျိုးမင်းထွန်း ကလည်း ကြံ့ခိုင်မှု မပြည့်သေး ပါဘူး။ ကြည်လင်းနဲ့ ရန်အောင်ဝင်း ဆိုရင် လက်ရွေးစင် အသင်းက ပြန်လာပြီး ကတည်းက မိနစ် ၉၀ ပြည့် ကစားနိုင်ဖို့ အတော် ရုန်းကန်နေရတယ်။ ဒါ့အပြင် နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ပြည့်ဖြိုးအောင်နဲ့ နီကိုလာလည်း ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ပါနိုင်မှာ မဟုတ်ဘူး” ဟု နည်းပြချုပ် ကိုလက်ဗ်က ဆိုသည်။
ရန်ကုန် အသင်းသည် ပြီးခဲ့သည့် အပတ်က ရက္ခပူရနှင့် ကစားခဲ့သော ပွဲတွင် ခြေစွမ်း အကောင်းဆုံး မရခဲ့ဘဲ ပြိုင်ဘက် အသင်း၏ ဖိအားပေး မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခု တစ်ပတ် ကစားမည့် မနောမြေနှင့် ပွဲတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ထပ်ကြုံနိုင်သည်ဟု နည်းပြချုပ်က သုံးသပ်သည်။
“မနောမြေဟာ လေးစားစရာ ကောင်းတဲ့ ပြိုင်ဘက်ပါ။ သွက်သွက်လက်လက် ကစားနိုင်ပြီး တောင်ပံ တွေကနေ ထိုးဖောက်တာ မြန်တယ်။ ရက္ခပူရနဲ့ ပွဲတုန်းက ကျွန်တော့် ခံစစ် သမားတွေ အတော် အလုပ်ရှုပ်ခဲ့တယ်။ မနောမြေနဲ့ ပွဲမှာလည်း ဒီလိုမျိုး ထပ်ဖြစ် နိုင်သေးတယ်။ နောက်တစ်ချက်က အသင်းတိုင်းဟာ လက်ရှိ ချန်ပီယံကို နိုင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်တာ ချည်းပဲ။ ဒါကြောင့် သူတို့ဟာ ရန်ကုန် အသင်းနဲ့ တွေ့တိုင်း ရာခိုင်နှုန်း ၁၂၀ လောက် ကစားတာ တွေ့ရတယ်။ ကျွန်တော်တို့ ကတော့ နောက်ဆုံး ပွဲတွေကို အနိုင်ရအောင် ကစားပြီး ချန်ပီယံဘွဲ့ ထပ်ထိန်းဖို့ မျှော်လင့်ထားတယ်” ဟု နည်းပြချုပ်က ပြောကြားသည်။
ရန်ကုန် ယူနိုက်တက် အသင်းနှင့် မနောမြေ အသင်းတို့သည် လာမည့် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄း၀၀ နာရီ အချိန်တွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
ထိပ်တိုက် တွေ့ဆုံမှု …
MNL 2010
မနောမြေ ၁ - ၄ ရန်ကုန်ယူနိုက်တက်
ရန်ကုန်ယူနိုက်တက် ၃ - ၀ မနောမြေ
MNL 2011
ရန်ကုန်ယူနိုက်တက် ၁ - ၀ မနောမြေ
မနောမြေ ၁ - ၃ ရန်ကုန်
MNL 2012
မနောမြေ ၂ - ၁ ရန်ကုန်ယူနိုက်တက်
www.ygnutd.com 
ရန်ကုန် ယူနိုက်တက် အသင်း ထပ်ဆင့် ချန်ပီယံ ဖြစ်နိုင်ချေ ရှိကြောင်း ကမ္ဘောဇ နည်းပြပြောကြား
   ကမ္ဘောဇ အသင်း နည်းပြ ဆီဗာဂျီက ယခုရာသီတွင် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် MNL ချန်ပီယံဆုအား ကာကွယ်နိုင်ရန် အခွင့်အရေး များနေကြောင်း ပြောကြားခဲ့သည်။
  ထို့အပြင် အဆိုပါ ဟံသာဝတီ နည်းပြဟောင်းက လက်ကျန်ပွဲ ၃ ပွဲသာ ကျန်ရှိတော့သည့် ယခုရာသီတွင် မကွေး၊ ရတနာပုံ အသင်းတို့နှင့် အိမ်ကွင်း ပွဲများသည် မိမိတို့အသင်းအတွက် အလွန်ခက်ခဲမည့် ပွဲများဖြစ်သော်လည်း အိမ်ရှင် အခွင့်အရေး ရှိနေခြင်းကြောင့် အားသာချက် ရှိနိုင်ကြောင်း ဆောက်သမ်းမြန်မာအသင်းကို အနိုင်ရသော ပွဲအပြီး၌ ပြောကြားသည်။ နည်းပြ ဆီဗာဂျီက
“ရန်ကုန်ယူနိုက်တက် အသင်းဟာ လက်ကျန ပွဲစဉ်တွေမှာ ပွဲကျပ်ဆိုလို့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကစားဖို့ပဲ ကျန်တော့တယ်။ သူတို့အသင်းရဲ့ ခြေစွမ်းနဲ့ လက်ကျန်ပွဲအနေအထားအရ ရန်ကုန်ယူနိုက်တက် အသင်းဟာ ချန်ပီယံဘွဲ့ရယူဖို့ အခွင့်အလမ်း များပါတယ်။ လက်ကျန်(၃)ပွဲမှာ မကွေး၊ ရတနာပုံတို့နဲ့ ကစားရမယ့် (၂)ပွဲက တကယ်ကို ခက်ခဲမယ့် ပွဲတွေပါ။ မကွေးအသင်းဟာ အသင်းကောင်း တစ်သင်း ဖြစ်သလို၊ ရတနာပုံ အသင်းကလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေတဲ့ အသင်းဖြစ်တယ်။ ဒါပေမဲ့ တောင်ကြီးအိမ်ကွင်းမှာ ကျွန်တော်တို့အတွက် အားသာချက်တချို့ရှိနေတယ်။ ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ အိမ်ကွင်း ပရိသတ်တွေရှိတယ်။ MNL မှာ အကောင်းဆုံး မြက်ခင်းပြင်ကို ပိုင်ဆိုင်ထားတဲ့ ကွင်းရှိတယ်။ တောင်ကြီးကွင်းဟာ ပင်လယ်မျက်နှာပြင်အထက် ပေ(၅၀၀၀)နီးပါးမြင့်လို့ အလေ့အကျင့် မရှိတဲ့ ဧည့်သည်အသင်းတိုင်းအတွက် သက်လုံပိုင်း ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တယ်။ ဒီလို အားသာချက်တွေကြောင့် မကွေးနဲ့ ရတနာပုံ အသင်းတို့ကို ကျွန်တော်တို့ အကောင်းဆုံး အနေအထားနဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဆီဗာဂျီက ပြောကြားသည်။ 
ဒီနေရာ  က ကူးယူဖေါ်ပြလိုက်ပါတယ် ။
ထပ်ဆင့်ချန်ပီယံ ရန်ကုန် အတွက် ၉မှတ်သာလိုတော့သည်
Myanmar National League ပြိုင်ပွဲကြီး ပြီးဆုံးဖို့ လက်ကျန် ၃ပွဲသာ ကျန်ရှိပါတော့တယ်။ အခုအချိန်ကိုရောက်လာတဲ့အခါမှာတော့ ချန်ပီယံဆုအတွက် ရန်ကုန် ၊ ရတနာပုံ ၊ KBZ အသင်းတို့ သာ ချန်ပီယံပြေးလမ်းပေါ်မှာကျန်ရှိပါတော့တယ်  ။ ဒီအသင်းတွေထဲမှာ အခွင့်အရေးအကောင်းဆုံးကတော့ ရတနာပုံအသင်းပါပဲ ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိနေတဲ့ ရတနာပုံအသင်းဟာ လက်ကျန်ပွဲတွေကို ပွဲတိုင်းနိုင်ကောင်ကစားနိုင်ရင် ချန်ပီယံဖြစ်သွားမှာပါ ။ AFC အတွက် ဒုတိယနေရာကလည်း အရေးပါနေပါတယ် ။ ဒီလိုအနေအထားမှာ ရန်ကုန်အသင်းကတော့ ပထမမဟုတ်တောင် ဒုတိယ ရဖို့ သေခြာသလောက်ရှိနေတဲ့အတွက် AFC အတွက် ကျိန်းသေ၀င်ပြိုင်ခွင့်ရနိုင်မယ်လို့ သုံးသပ်မိပါတယ် ။
ရာသီအစတုန်းကတော့ ရန်ကုန် ၊ ရတနာပုံ ၊ နေပြည်တော်တို့  ဆုဖလားလုရလိမ့်မယ်လို့  ကျွန်တော် ယုံကြည်ခဲ့ပေမယ့် အခုချိန်မှာတော့ ရန်ကုန်နဲ့  ရတနာပုံ တို့ သာ ချန်ပီယံဖြစ်နိုင်တယ်လို့  ယူဆမိပါတယ် ။ ရမှတ် ၆၅ မှတ် ရယုံနဲ့  ချန်ပီယံဖြစ်မယ်လို့  ရာသီအစမှာ ကျွန်တော်သုံးသပ်ခဲ့ပေမယ့် အခုချိန်မှာတော့ ရမှတ် ၆၀ ဟာ ချန်ပီယံဖြစ်ဖို့  လုံလောက်ခဲ့ပါတယ် ။ ဒါဟာ ပြိုင်ပွဲရဲ့  အကြိတ်အနယ်ရှိမှုကို ဖေါ်ပြတယ်ဆိုပေမယ့် ချန်ပီယံဖြစ်ဖို့  ရမှတ်ဟာ နည်းလွန်းတယ်လို့  ထင်မြင်မိပါတယ် ။ အသင်းကြီးချင်းထိပ်တိုက်ပွဲစဉ်တိုင်းလိုလို သရေတွေ များနေခဲ့တာကြောင့် ရမှတ်တွေဟာ အခုလို လျော့နည်းလာခဲ့တာပါ ။ အကြိတ်အနယ်ရှိတာ ကောင်းပေမယ့် သရေတွေများနေခြင်းကတော့ ဘယ်အသင်းမှာ ချန်ပီယံခြေစွမ်းပြပြီး ထူးထူးခြားခြား မစွမ်းဆောင်နိုင်ခဲ့တာကြောင့်လို့  ဆိုရမှာပါ ။ ဒါပေမယ့် အခုချိန်မှာတော့ ချန်ပီယံဆုအတွက် ချန်ပီယံခြေစွမ်းကို ထုတ်ပြဖို့  လိုအပ်နေပါပြီ ။ တကယ်ချန်ပီယံခြေစွမ်းကို ထုတ်ပြနိုင်မှသာလျှင် ဒီနှစ်မှာ ချန်ပီယံ ဖြစ်နိုင်မယ်ဆိုတာ ပွဲစဉ်အနေအထားတွေက ဖေါ်ပြနေပါတယ် ။ 
ရန်ကုန်အသင်းရဲ့  လက်ကျန် ၃ပွဲဟာ မနောမြေ ၊ ဇွဲကပင် ၊ ဧရာဝတီတို့ နဲ့ ကန်ရမှာပါ ။ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခွင့်မရခဲ့တဲ့ နီကိုလာ ၊ ခင်မောင်လွင် ၊ ရာဇာဝင်းသိန်း ၊ ကောင်းစည်သူတို့  အနားရထားတာကြောင့် လာမယ့်မနောမြေနဲ့ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝစွာ ကစားနိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် မျိုးမင်းထွန်းအနေနဲ့  သူ့ ရဲ့  အကောင်းဆုံးခြေစွမ်းပြန်ရထားသလို လူငယ်ကစားသမားတွေဖြစ်တဲ့ အောင်ကျော်ထွေး ၊ စည်သူအောင်တို့ ဟာလည်း အဆုံးသတ်ပိုင်းအားနည်းချက်တွေ ရှိနေပေမယ့် ကစားအားကတော့ တော်တော်လေး ကောင်းမွန်တာတွေ့ ရတာကြောင့် ရန်ကုန်အသင်းဟာ အရန်အင်အားတောင့်တောင့်တင်းတင်းနဲ့  ကစားရမှာဖြစ်တာကြောင့် မနောမြေနဲ့ပွဲစဉ်အတွက် အကောင်းဆုံးယှဉ်ပြိုင် အနိုင်ယူနိုင်လိမ့်မယ်လို့  သုံးသပ်မိပါတယ် ။ နောက်တစ်ပွဲကတော့ ဇွဲကပင်အသင်းပါ ။ ဇွဲကပင်အသင်းဟာ မောရ၀တီကို ၇မှတ်ဖြတ်ထားနိုင်တာကြောင့် ၂သင်းတန်းဆင်းရမယ်ဆိုရင်  သူ့ အနေနဲ့  တန်းဆင်းဇုန်နဲ့  နီးကပ်နေသော်လည်း စိုးရိမ်စရာ သိပ်မရှိတာကြောင့် ခြေကုန်ထုတ်ကန်စရာ မလိုတဲ့အနေအထားပါ။ ဒါ့အပြင် ခြေစွမ်းပိုင်းကွာဟမှုရှိတာကြောင့် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်လာမယ့် ရန်ကုန်အသင်းကို ဇွဲကပင်အသင်း ယှဉ်နိုင်မယ်လို့ မထင်ပါဘူး ။ နောက်ဆုံးပွဲစဉ်ကတော့ ဧရာဝတီအသင်းနဲ့ ကန်ရမှာပါ ။ မနှစ်က နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီအသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်မယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မနှစ်ကလို ဧရာဝတီအသင်း ချန်ပီယံမျှော်လင့်ချက်မရှိတော့သလို  ခြေစွမ်းပိုင်းကလည်း အကျဘက်ကိုရောက်ရှိနေပါတယ် ။ ဒါကြောင့် အိမ်ရှင် ပရိသတ်အားနဲ့  ကစားလာမယ့် ရန်ကုန်အသင်း အနိုင်ရဖို့  သိပ်ခက်ခဲလွန်းတယ်မထင်မိပါဘူး ။ ရန်ကုန်အသင်းသာ ၃ပွဲလုံးအနိုင်ရမယ်ဆိုရင် ဒုတိယနေရာ ကျိန်းသေရရှိမှာဖြစ်တာကြောင့် ၃ပွဲလုံး အနိုင်ရဖို့ သေခြာသလောက်ရှိနေတဲ့  ရန်ကုန်အသင်း ရတနာပုံ - ကမ္ဘောဇ ထိပ်တိုက်တွေ့ ဆုံမှုမှာ ဘယ်လိုရလာဒ်ပဲဖြစ်ဖြစ် AFC ၀င်ခွင့်အတွက် သေခြာသလောက်ရှိနေပါတယ် ။
 ရတနာပုံနဲ့ ကမ္ဘောဇတို့ ထိပ်တိုက်အနေအထားမှာ ရတနာပုံ အနိုင်မယူနိုင်ခဲ့ရင် ရန်ကုန်အသင်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးများသွားပါမယ် ။ လက်ကျန်ပွဲစဉ်တွေမှာ ရန်ကုန်အသင်းသာ ပွဲတိုင်းအနိုင်ရမယ်ဆိုရင်  ကမ္ဘောဇအသင်းအနေနဲ့  အခွင့်အရေးမရှိတော့တဲ့အတွက် ရတနာပုံအသင်းသာလျှင် ရန်ကုန်အသင်းရဲ့  အဓိက ချန်ပီယံလုရမယ့်အသင်းဖြစ်လာဖို့ ရှိပါတယ် ။ ရတနာပုံအသင်းရဲ့  လက်ကျန် ၃ပွဲကလည်း ဧရာဝတီ ၊ ကမ္ဘောဇ ၊ မကွေးတို့ နဲ့ ကစားရမှာဖြစ်တာကြောင့် အမှတ်ဆုံးရှုံးဖို့  ဖြစ်နိုင်တဲ့အနေအထားပါ ။ လက်ရှိအချိန်မှာ ခြေစွမ်းကျနေတဲ့  ဧရာဝတီကို အနိုင်ကစားဖို့ ဖြစ်နိုင်ပေမယ့် ကမ္ဘောဇနဲ့  အဝေးကွင်းပွဲစဉ်ဟာ အတော်ပဲ ခက်ခဲမှာပါ ။ နောက်ဆုံးပွဲစဉ်မှာလည်း ပထမအကျော့က သရေကျခဲ့တဲ့  မကွေးနဲ့ ကန်ရမှာဖြစ်တာကြောင့် မကွေးနဲ့ တွေ့ တိုင်း ခက်ခဲလေ့ရှိတဲ့ ရတနာပုံအသင်း အနိုင်ယူဖို့ အတော်လေးရုန်းကန်ရမှာပါ ။
ကမ္ဘောဇရဲ့  လက်ကျန် ၃ပွဲကတော့ မကွေး ၊ ရတနာပုံ ၊ ဇွဲကပင် အသင်းတို့ ဖြစ်နေတာကြောင့် ၃ပွဲလုံးအနိုင်ယူဖို့  ဆိုတာ ရန်ကုန်အသင်းထက် ခက်ခဲမယ့်အနေအထားပါ ။ဇွဲကပင်ကို အနိုင်ယူဖို့ သေခြာပေမယ့် မကွေးနဲ့  ရတနာပုံပွဲစဉ်ဟာ ခက်ခဲမှာပါ။ ကမ္ဘောဇရဲ့  ပွဲကျပ်လို့ ဆိုရမယ့် မကွေးနဲ့  ရတနာပုံပွဲစဉ်ဟာ အိမ်ကွင်းမှာ ကစားခွင့်ရထားတာဖြစ်ပါတယ် ။  အကယ်၍များ ၃ပွဲလုံးခြေစွမ်းပြအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ရန်ကုန် - ဧ ရာဝတီ ပွဲစဉ်ဟာ မနှစ်ကလို အဆုံးအဖြတ် ဖြစ်လာမှာပါ။ မနှစ်က ချန်ပီယံဆုနဲ့  ကပ်လွဲခဲ့တဲ့  ဧရာဝတီတို့  ရန်ကုန်အသင်းကို  အကောင်းဆုံးယှဉ်ပြိုင်မယ်ဆိုတာ သံသယရှိစရာမလိုပေမယ့် အိမ်ကွင်းပရိသတ်ရှေ့ မှောက်မှာ ထပ်ဆင့်ချန်ပီယံဖြစ်ဖို့  ကစားလာမယ့် ရန်ကုန်ကို ဘာမှမျှော်လင့်ချက်မရှိတဲ့ ဧရာဝတီတို့  ဦးဆောင်ဂိုးသာပေးလိုက်ရမယ်ဆိုရင် ရန်ကုန်နိုင်ဖို့  ၉၀ ရာခိုင်နှုန်းသေခြာသွားမှာပါ ။ ရန်ကုန်အသင်းရဲ့  တိုက်စစ်ကလည်း လက်ရှိအချိန်မှာ အခြားအသင်းတွေထက် သာလွန်တာကြောင့် ရန်ကုန်အသင်းပဲ နိုင်သွားပါလိမ့်မယ် ။
ချန်ပီယံဆုအတွက် အသင်း၃သင်း ထိပ်တိုက်အနေအထားမှာ ရန်ကုန်အတွက် အဓိက မျှော်လင့်ချက်ကတော့ ရတနာပုံအသင်း လက်ကျန် ၃ပွဲမှာ သရေတစ်ပွဲ ဖြစ်လာဖို့ ပါပဲ ။ ဖြစ်နိုင်ခြေလည်းများပါတယ် ။ ရတနာပုံအသင်းရဲ့  လက်ရှိခြေစွမ်းဟာ ချန်ပီယံခြေစွမ်းရှိသလို ကမ္ဘောဇအသင်းထက် သာလွန်ပေမယ့် ကမ္ဘောဇရဲ့  အိမ်ကွင်းမှာ အနိုင်ယူဖို့ ဆိုတာက သိပ်ခက်ခဲမှာဖြစ်ပါတယ် ။ ဒါကြောင့် လက်ရှိအချိန်မှာ ရန်ကုန်အသင်းဟာ ဒုတိယနေရာမှာရှိနေပေမယ့် ဒီနှစ်ရာသီမှာ ချန်ပီယံဆုအတွက် အခြေအနေအကောင်းဆုံအသင်းလို့  ဆိုချင်ပါတယ် ။
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလို ရန်ကုန်အသင်းဟာ မနောမြေ ၊ ဧရာဝတီတို့ နဲ့  ပွဲမှာ ထင်တာထက်ပိုပြီး ခက်ခဲတာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ပထမအကျော့မှာ ၂သင်းလုံးကို အနိုင်မယူနိုင်ခဲ့တာကြောင့် ရန်ကုန်အသင်းအနေနဲ့  ပေါ့ဆလို့ လုံးဝမဖြစ်တဲ့အနေအထားပါ ။ နည်းပြရဲ့ နည်းဗျူဟာတွေ အရေးကြီးသလို ကစားသမားတွေရဲ့  ကြိုးစားအားထုတ်မှုကလည်း အရေးကြီးပါတယ် ။ ဧရာဝတီနဲ့ပွဲမှာ ကစားသမားတွေ ဒါဏ်ရာပြဿနာ ကင်းစင်နေဖို့ ကလည်း လိုအပ်ပါတယ် ။ ချန်ပီယံခြေစွမ်းပြနိုင်မှသာ ၃ပွဲလုံး အနိုင်ယူနိုင်ပါလိမ့်မယ် ။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိခြေစွမ်းပိုင်းနဲ့  ပွဲစဉ်အနေအထားတွေမှာ ရန်ကုန်အသင်းဟာ AFC ၀င်ခွင့်အတွက် လုံးဝကျိန်းသေတဲ့ အနေအထားမှာ ရှိနေသလို  လက်ရှိချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းဖို့  အကောင်းဆုံးအခြေအနေမှာရှိနေပါတယ် ။ ရန်ကုန်အသင်းအနေနဲ့  လက်ကျန်ပွဲတိုင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် ချန်ပီယံဆုဟာ ရန်ကုန်အတွက်ပဲဖြစ်လာပါလိမ့်မယ်လို့  တစ်ထစ်ချ ယုံကြည်မိပါတယ် ။ဒါကြောင့် ထပ်ဆင့်ချန်ပီယံ ဖြစ်ဖို့  ရန်ကုန်အသင်း အတွက် ၉မှတ်သာလိုပါတော့တယ်လို့  ရဲရဲဝံ့ဝံ့ ပြောလိုက်ချင်ပါတယ်ဗျာ ။
Yangon United 3- 1 Rakhapura
MS ဆောင်းပါးပြိုင်ပွဲမှ ရရှိသည့် ဆုငွေ ကို ပရိသတ်တစ်ဦး မြေကွက်အလှုဒါန ပြုလုပ်ခဲ့
Myanmar Striker ၀က်ဘ်ဆိုက် မှ ကျင်းပပြုလုပ် ခဲ့သည့် ဒုတိယ အကြိမ် ပရိသတ် အမြင် ဘောလုံးဆောင်းပါးပြိုင်ပွဲ တွင် Facebook မှ Like အများဆုံး ရရှိသည့် ဆု (လူကြိုက် အများဆုံးဆု)ကို ဆွတ်ခူး ရရှိ ခဲ့သော ကောင်းမြတ်သူ သည် ဆုငွေများကို အလှုဒါနပြု လှုဒါန်းခဲ့ ကြောင်း သိရှိရသည်။
ကောင်းမြတ်သူ သည် MS မှ ကျင်းပ ပြုလုပ်ခဲ့သည့် ဖန်ပို့စ် ပြိုင်ပွဲတွင် ကျွန်တော့်ရဲ့ သူရဲကောင်း အမည်ရှိ ဖန်ပို့စ်နှင့် ဆုရရှိ ခဲ့ခြင်း ဖြစ်သည်။ ယင်း ဆုငွေများအား ရွှေမဟာ ဗုဒ္ဓဂါယာ ဘုရားဖူး အဖွဲ့အား လှုဒါန်း ခဲ့ကြောင်း MS သို့ ပြောသည်။ ထို လှုဒါန်းငွေ များနှင့် ဗုဒ္ဓဂါယာ တွင် မြေကွက်ဝယ်ယူ လှုဒါန်းခြင်း ဖြစ်ပြီး ၃ပေ ပတ်လည် မြေကွက် ၆ ကွက် လှုဒါန်းခဲ့သည် ဟု ဆိုသည်။ မြေကွက် တစ်ကွက် တွင် တန်ကြေး လှုငွေ သုံးသောင်း ကျပ် တိတိ ကျသင့်သည်ဟု သိရှိရသည်။
ယခု အလှုဒါန နှင့်  ပတ်သတ်၍ မူ ကောင်းမြတ်သူက “အလှူဖြစ်မြောက်လာ ရခြင်း ကတော့ MS  fan post ပြိုင်ပွဲမှာ ကျွန်တော့်ရေးသား ခဲ့တဲ့ ကျွန်တော့်ရဲ့သူရဲကောင်း ဆိုတဲ့ ဆောင်းပါးလေးက like အများဆုံးဆု ဒေါ်လာ ၁၅၀ ရရှိခဲ့တဲ့အတွက် ကျွန်တော့် အနေနဲ့  အလှူတစ်ခု ပြုလုပ်ဖို့ဆန္ဒရှိတာကြောင့်  ကျွန်တော်တို့  ရန်ကုန်ယူနိုက်တက် ၀ါရီယာအဖွဲ့ နဲ့ တိုင်ပင်ပူးပေါင်းပြီး အခုလို အဖွဲ့ လိုက် စုပေါင်း လှူဒါန်း ဖြစ်ခဲ့တာပဲဖြစ် ပါတယ်။  ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက် ၀ါရီယာ အဖွဲ့  အနေနဲ့  ရန်ကုန် ယူနိုက်တက် အသင်းကို အစဉ်တစ်စိုက် အားပေးသွားမှာ ဖြစ်သလို ယခုကဲ့သို့  ရန်ကုန်ယူနိုက်တက်  အသင်းကို ကိုယ်စားပြုပြီး လှူမှုရေးလုပ်ငန်းများ ပရဟိတ  လုပ်ငန်းများ ကိုလည်း တတ်နိုင်သ၍ အမြဲတမ်း ဆက်လက်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။” ဟု ဆိုသည်။
MS တွင် ကျင်းပ ပြုလုပ်သော ဖန်ပို့စ် ပြိုင်ပွဲ ပထမ အကြိမ်တွင်လည်း ယခုကဲ့သို့ ဆုရ ပရိသတ် တစ်ဦး၏ လူမှုရေး အဖွဲ့အစည်း တစ်ခုအား လှုဒါန်းမှု ပြုလုပ် ခဲ့ဖူးသည်။ ယခု တတိယအကြိမ် ပြိုင်ပွဲ အတွက်လည်း ပြိုင်ပွဲဝင် ဆောင်းပါးများအား MS မှ လက်ခံနေပြီ ဖြစ်ပါသည်။
www.myanmarstriker.com
ချန်ပီယံဆုကို ကာကွယ်ဖို့ အကာင်းဆုံး ကြိုးစားသွားမည်ဟု ရန်ကုန် နည်းပြချုပ် ပြောကြား
ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က လေ့ကျင့်ချိန် နည်းပါးခြင်း၊ ပွဲပယ် ကစားသမား များပြားခြင်းတို့ကြောင့် အခက်အခဲ ကြုံနေရသည်ဟု ရက္ခပူရ အသင်းနှင့် မကစားမီ ထုတ်ဖော် ပြောကြားသည်။ ရန်ကုန် အသင်းသည် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသို့ ကစားသမား (၉)ဦး စေလွှတ်ခဲ့ရသည့် အပြင် အဓိက ကစားသမား (၄)ဦး ပွဲပယ် ခံထားရသဖြင့် ရက္ခပူရနှင့် ကစားမည့် ပွဲတွင် မမျှော်လင့်သည့် အခက်အခဲများ ကြုံလာနိုင်သည်ဟု နည်းပြ ကိုလက်ဗ်က ဆိုသည်။
“မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကျွန်တော်တို့ ဆီက ကစားသမား (၉)ယောက် အရွေးခံရ တာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူတို့တွေကို လေ့ကျင့်ခန်း ဆင်းဖို့ လွှတ်ပေးထား ရတာကြောင့် ပူးတွဲ လေ့ကျင့်ချိန် နည်းနေပါတယ်။ ဒါတောင် ကျွန်တော်တို့ အသင်းက တနင်္လာနေ့ ကျမှ ကစားရမှာပါ။ နောက်တစ်ချက်က ပွဲပယ် ပြဿနာပါ။ ရာဇာဝင်းသိန်း၊ ကောင်းစည်သူ၊ ခင်မောင်လွင်နဲ့ နီကိုလာတို့ (၄)ယောက် စလုံး ရက္ခပူရနဲ့ ပွဲကို လွဲပါလိမ့်မယ်။ တချို့ ကစားသမားတွေ ကလည်း ဒဏ်ရာ ပြဿနာတွေ ရှိနေတယ်။ အကောင်းဆုံး ကစားသွားမှာ ဖြစ်ပေမယ့် လက်ရှိ အနေအထားက ကျေနပ်စရာ မဟုတ်ပါဘူး” ဟု နည်းပြချုပ်က ဆိုသည်။
ရက္ခပူရနှင့် ပွဲကို (၃)၀ါ တစ်ပွဲပယ် ပြစ်ဒဏ်ခံ ထားရသော ရာဇာဝင်းသိန်း၊ ကောင်းစည်သူ၊ ခင်မောင်လွင်တို့ အပြင် (၆)၀ါ (၂)ပွဲပယ် ခံထားရသည့် နီကိုလာပါ လွဲချော်မည် ဖြစ်သောကြောင့် အသင်း၏ (၁၈) ယောက် စာရင်းတွင် အပြောင်းအလဲ ရှိလာမည်ဟု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြဟောင်း ကိုလက်ဗ်က ပြောကြားသည်။
“ကျွန်တော်တို့ အသင်းမှာ တခြား ရွေးစရာ ကစားသမား အများကြီး မရှိပါဘူး။ (၁၈)ယောက် စာရင်းမှာ လူငယ်တချို့ ပါဝင် လာပါလိမ့်မယ်။ ဘယ်သူတွေ (၁၈)ယောက် စာရင်းဝင်မယ်၊ ဘယ်သူတွေ ပွဲထွက်ခွင့် ရမယ် ဆိုတာကတော့ မပြောနိုင် သေးဘူး။ လက်ကျန် (၄)ပွဲပဲ ကျန်တဲ့ အချိန်မှာ အကောင်းဆုံး ကစားပြီး ချန်ပီယံဆုကို ထိန်းနိုင်ဖို့ ကြိုးစားသွားပါမယ်” ဟု ကိုလက်ဗ်က ဆိုသည်။
ဆက်လက်ပြီး ရန်ကုန် နည်းပြချုပ်က ရက္ခပူရ အသင်းသည် အသင်းကောင်း တစ်သင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဒုတိယ အကျော့တွင် ခြေစွမ်း ပိုမိုကောင်းမွန်လာကြောင်းနှင့် ပွဲချိန်ပြည့် သတိထား ကစားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမားများကို သြဂုတ်လ (၇)ရက်နေ့ ကတည်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လေ့ကျင့်ရေး အဆောင်သို့ စေလွှတ်ခဲ့ရပြီး ကစားသမား အစုံအလင် ပါဝင်သော လေ့ကျင့်ရေး အစီအစဉ်ကို သြဂုတ်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အသင်း ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။
ရန်ကုန် - ရက္ခပူရ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်များ…
၂၀၁၁ နေရှင်နယ်လိဂ်
ရက္ခပူရ (၀-၂) ရန်ကုန်
ရန်ကုန် (၄-၀) ရက္ခပူရ
၂၀၁၂ နေရှင်နယ်လိဂ်
ရန်ကုန် (၅-၀) ရက္ခပူရ
www.ygnutd.com
တို့ ရဲ့  ရန်ကုန်ယူနိုက်တက် ( ၁၂ )
18. Kaung Si Thu
Date of Birth : 22.01.1993
Place of Birth : Mandalay
Nationality : Myanmar
Position : Striker
Height : 5 ft 8 in
Weight : 155 lbs
Joined YUFC : --
Last Club : Air Bagan FC (2008)
Goal Score : 4
19. Nikola Karcev
Date of Birth : 31-03-1981
Place of Birth : Macedonia
Nationality : Macedonia
Position : Defender
Height : 6 ft 1 in
Weight : 84 kg
Joined YUFC : 28-12-2011
Last Club : FC METACAC ( 2011)
Goal Score : --
20. Naing Oo Lwin
Date of Birth : 15.03.1986
Place of Birth : Yangon
Nationality : Myanmar
Position : Striker
Height : 5 ft 9 in
Weight : 140 lbs
Joined YUFC : 07-04-2009
Last Club : Air Bagan FC (2008)
Goal Score : --
22. Naing Zayar Tun
Date of Birth : 28.12.1985
Place of Birth : Yangon
Nationality : Myanmar
Position : Goalkeeper
Height : 5 ft 10 in
Weight : 140 lbs
Joined YUFC : 07-04-2009
Last Club : Air Bagan FC (2008)
Goal Score : --
23. Pyae Phyo Aung
Date of Birth : 19.9.1987
Place of Birth : Shan State
Nationality : Myanmar
Position : Defender
Height : 5 ft 9 in
Weight : 140 lbs
Joined YUFC : 07-04-2009
Last Club : Air Bagan FC (2008)
Goal Score : 2
25. Yan Aung Kyaw
Date of Birth : 04.08.1989
Place of Birth : Yangon
Nationality : Myanmar
Position : Midfielder
Height : 5 ft 8 in
Weight : 145 lbs
Joined YUFC : 07-04-2009
Last Club : SARA (2008)
29. Saw El Htoo
Date of Birth : 02.03.1988
Place of Birth : Puthain
Nationality : Karin
Position : Goalkeeper
Height : 5 ft 11 in
Weight : 140 lbs
Joined YUFC : 07-04-2009
Last Club : P T C
Goal Score :
31. Tay Zar Aung
Date of Birth : 4.8.1993
Place of Birth : Bago
Nationality : Myanmar
Position : GoalKeeper
Height : 5 FT 11 IN
Weight : 140 LBS
Joined YUFC : --
Last Club : Ministry of Communic
Goal Score : 0
32. Sithu Aung
Date of Birth : 16.10.1996
Place of Birth : Yangon
Nationality : Myanmar
Position : Midfielder
Height : 5 FT 6 IN
Weight : 130 LBS
Joined YUFC : 2009
Last Club : Yangon Academy
Goal Score : 0
33. Than Htet Aung
Date of Birth : 5.6.1992
Place of Birth : Yangon
Nationality : Myanmar
Position : Striker
Height : 5 ft 7 in
Weight : 145 lbs
Joined YUFC :
Last Club : Yangon Academy
Goal Score : --
34. Zaw Win
Date of Birth : 30.12.1994
Place of Birth : Bago Division
Nationality : Myanmar
Position : Defender
Height : 5 FT 5 IN
Weight : 130 LBS
Joined YUFC : 2009
Last Club : Yangon Academy
Goal Score : 0
36. Aung Kyaw Htwe
Date of Birth : 20.12.1994
Place of Birth : Loy Kaw, Kayar
Nationality : kayar
Position : Striker
Height : 5 FT 5 IN
Weight : 145 LBS
Joined YUFC : 13.6.2010
Last Club : --
Goal Score : 0
37. Yan Naing Aung
Date of Birth : 25-12-1993
Place of Birth : Bago
Nationality : Myanmar
Position : Midfilder
Height : 5 ft 11 in
Weight : 170 lbs
Joined YUFC : 07-04-2009
Last Club : Yangon Academy
Goal Score : --
credits to www.ygnutd.com