ရန်ကုန်အသင်း အကြောင်း ပြောရမည်ဆိုလျှင် မြန်မာ နေရှင်နယ်လိဂ် စတင် တည်ထောင်သည့် လွန်ခဲ့သော လေးနှစ်တာ ကာလဆီသို့ အတွေးများက ပြေးလွှား ရောက်ရှိသွားခဲ့မိပြန်သည်။ သတင်းစာထဲတွင် ပါသော မြန်မာ ဘောလုံးလောက ဆုကြေးစား စနစ်သို့ပြောင်းမည်၊ လုပ်ငန်းရှင်ကြီးများမှ စတင်ပြီး အသင်း တည်ထောင်မည် ဟူသော သတင်းသည် ကျွန်တော့်ကို ပထမ ဇဝေဇ၀ါ ဖြစ်သွားစေသည်။ ဒုတိယ မယုံသင်္ကာ ဖြစ်သွာစေသည်။ တတိယ အကြိမ်အဖြစ် သတင်းဆုံးသော အချိန်တွင်မူ ကျွန်တော်၏ စိတ်၌ မည်သည့် ဇဝေဇ၀ါ ၊ မည်သို့သော သံသယများ စိုးစဉ်းမျှ မကျန်တော့ပဲ အံ့သြ ၀မ်းသာပြီး တစ်ခုခုကို မျှော်လင့်ချက်များ တောက်ပ သကဲ့သို့ ဖြစ်နေပါသည်။ သင်နှင့် ဘာဆိုင်လဲဟု မမေးပါနှင့် ဆိုင်တာမှ အပြည့်အ၀ သက်ဆိုင်ပါ၏။ မြန်မာဘောလုံး လောက တိုးတက်ရေးသည် မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည် မဟုတ်ပါလား ။
မြန်မာနေရှင်နယ်လိဂ် တည်ထောင်ခြင်း သတင်းသည် ကျွန်တော်တို့ ရပ်ကွက်ထဲတွင် အတော်လေး ထူးခြားသည့် သတင်းဟု ဆိုရပေမည်။ လက်ဘက်ရည် ဆိုင်မှာလည်း ထိုကိစ္စ ၊ ဈေးထဲက အမျိုးသမီးကြီးများကလည်း ထိုသတင်း၊ လမ်းထဲက ကလေးများလည်း ထိုအကြောင်း အမျိုးမျိုး စိတ်ဝင်စား နေကြသည်။ ဘယ်လို နိုင်ငံခြားသားတွေ ခေါ်မလဲ၊ လမ်းဘေးက ကောင်တွေပဲ နေမှာပါဟူ၍ နိုင်ငံတကာ ဘောလုံး ၀ါသနာရှင်ကြီးများက စိတ်ပျက်ဖွယ် ထင်ကြေးပေးကြသလို၊ အိမ်က အငယ်ကောင်ကို ဘယ်အသင်းကို ပို့ရမယ် ၊ အကြီးကောင်တော့ ဆေးလိပ် လျှော့သောက်ခိုင်ရမယ် ဟုပြောပြီ အန်တီကြီးများက သူတို့၏ သားအလိမ္မာများ အတွက် အားခဲကြသည် ။ ငါက ရန်ကုန်အသင်းမှာ ဘယ်နေ့သွား အရွေးခံမှာ ၊ မနက်တိုင်း ထပြေးကြရအောင်ဟု အဖော်ညှိနေသော ကလေးများလည်း ဒုနဲ့ဒေး စိတ်ချမ်းသာဖို့ ကောင်းလေစွ ။ ကျွန်တော်လည်း ထိုနေ့များတွင် လာသော သတင်းစာ မှန်သမျှ နောက်ဆုံး စာမျက်နှာမှ စပြီးဖတ်သော အကျင့်သစ် တစ်ခု တိုးလာလေသည် ။ ကစားသမား အပြောင်းအရွှေသတင်း ၊စာချုပ် သတင်းစသည် တို့သည် သတင်းစာ၏ နောက်ဆုံး စာမျက်နှာတွင် အဓိက ပါလေ့ရှိပြီး ကျွန်တော်တို့အား စိတ်ကူး ယဉ်စေလေသည်။ ကစားသမား တစ်ယောက်ဘယ်၍၊ ဘယ်မျှ စာချုပ် ချုပ်လိုက်လေတိုင်း ဘာရယ်မှန်းမသိ ကျွန်တော်ဝမ်းသာသည်။ ထိုဝမ်းသာ စိတ်ကလေး၏ အဓိပ္ပာယ်ကို ထိုအချိန်က သေချာ မစဉ်းစား မိသော်လည်း ယခု အချိန်တွင်မူ ထိုစိတ်လေးလည်း မြန်မာ ဘောလုံးကို ချစ်မြတ်နိုးသော သူတိုင်း၏ မသိစိတ်ထဲတွင် ကိန်းအောင်နေသော စိတ်ကူးယဉ် အိမ်မက်များပင် ဖြစ်ကြောင်း နားလည်နိုင်ခဲ့သည်။ ဟုတ်ပါသည် မြန်မာ ဘောလုံး ပရိတ်သက်များ သတိမမူမိသော် စိတ်ကူး အိမ်မက်လေးများပင် မဟုတ်ပေလော။
ကျွန်တော်သည် ယခင်က ဘဏ္ဍာအခွန် ၊ စီးပွါးကူးသန်း ၊ ပို့ဆောင်ရေး ၊ အဲပုဂံ ၊ ကမ္ဘောဇ စသော အသင်းများရှိ နာမည်ကြီး ကစားသမား တချို့ကိုသာ သိရှိပါသည်။ ဒါတောင် လက်ရွေးစင် အသင်းကြီးတွင် ပါဖူး၊ကစားဖူးမှသာ မှတ်မိပါသည်။ ထိုကစားသမား မှန်သမျှလည်း ကျွန်တော့ အချစ်တော် သူရဲကောင်းများ အဖြစ် စိတ်ထဲတွင် အလိုလို သတ်မှတ်ပြီးသကဲ့သို့ ဖြစ်နေပါသည် ။ ကျွန်တော်သိသော ကစားသမားကောင်း မှန်သမျှ ရန်ကုန် ယူနိုက်တက် ပရိတ်သတ်ပီပီ ကျွန်တော် အားပေးမည့် အသင်းသို့သာ ရောက်စေချင်ခဲ့သည်။ ကိုမျိုးမင်းထွန်း ရန်ကုန် ယူနိုက်တက်သို့ ရောက်လာသည့် အတွက် ၀မ်းသာရသလို ၊ ကိုရာဇာဝင်းသိန်း၊ ကိုရန်ပိုင်၊ ကိုပိုင်စိုးတို့ ကျွန်တော့် အားပေးသော ရန်ကုန်ယူနိုက်တက်သို့ မရောက်လာသဖြင့် စိတ်မကောင်းပင် ဖြစ်မိပါသေးသည်။ သို့ပေမယ့် တဖက်ကလည်း ကောင်းတယ် ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာဟု့လည်း အားခဲ့မိပြန်သေးသည် ။
ရန်ကုန် ယူနိုက်တက်မှ နိုင်ငံခြား ကစားသမားများအား ခြေလှမ်းသွက်သွက်ဖြင့် ခေါ်ပြန်တော့လည်း ဒါမှငါတို့ ရန်ကုန်ဟု စိတ်အား တက်ကြွမိပြန်ပါသည်။ နေရှင်နယ်လိဂ်ကြီး မြန်မြန်စပါစေတော့ဟုလည်း မကြာခဏ တောင်းတ လိုက်ရသည်မှာလည်း အမောပင်။ ချန်ပီယံ ဖလားကြီးသာ ရန်ကုန် ယူနိုက်တက် ရလိုက်လျှင် ပထမဆုံး ဖလားပိုင်ရှင်ကြီး ဖြစ်လာပြီး ပရီးမီးယားလိဂ်၊ လာလီဂါက အသင်းတွေ ဖလားရလျှင် အောင်ပွဲ ခံသကဲ့သို့ ဘယ်လောက်များ စည်လိုက်မည်နည်းဟု့ စိတ်ကူးများလည်း ယဉ်မိပါသည်။ သို့သော် ရာသီ ပြီးဆုံးချိန်တွင်တော့ ကျွန်တော်တို့ ရန်ကုန် ယူနိုက်တက်ကို ပင်နယ်တီတွင် ၁- ၄ ဂိုး ဖြင့် အနိုင်ယူကာ ရတနာပုံ အသင်းမှ ဗိုလ်စွဲ အောင်ပွဲခံပြီး ပထမဆုံး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆိုသည် ဂုဏ်ပုဒ်ကို အရယူကာ ကျွန်တော်တို့ ရန်ကုန် အသင်းအား အသဲကွဲ စေခဲ့လေတော့သည်။ ရှိစေတော့ နောက်နှစ်ပေါ့ဟု တွေးလျှက် ကျွန်တော် စိတ်ထဲတွင် နောက်ရာသီသစ်ကို ကြိုတင်၍ အားခဲနေမိ ပြန်သည်။ အသင်းကလည်း ကစားသမားများကို လိုအပ်သလို ပြန်လည်း ပြုပြင် ခေါ်ယူနေသည့် အတွက် ဒီတစ်နှစ်တော့ဖြင့် တို့အလှည့် ဖြစ်ချေပီ ၊ လာခဲ့ မြန်မာနေရှင်နယ်လိဂ် ဘယ်ပြေးမလဲဟု တပွေ့တပိုက် မျှော်လင့်ချက်တွေ ပြန်လည် တောက်ပလာခဲ့သည်။ သို့သော် ထိုနှစ်သည်လည်း ယခင် နှစ်နည်းတူ ရန်ကုန် ယူနိုက်တက် မြင်းကောင်းခွါလိပ် ဖြစ်ခဲ့ရပြန်ချေပီ။ ရမှတ်(၄)မှတ် အသာဖြင့် ရတနာပုံ အသင်းက ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်းကို နောက်ကောက်ချခဲ့ ပြန်သည်။ ရတနာပုံ အသင်း၏ နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ယူ ၀ံ့ကြွားသော အပြုံးများ အောက်တွင် ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ် အနေဖြင့် ဖြေရှင်းစရာ စကားလုံးများ စွံ့အနေခဲ့သည်။ ဘာများ တတ်နိုင်ပေဦးမည်နည်း။ ဘောလုံး ဆိုသည်ကားလည်း ခန့်မှန်းရ အခတ်သားပင် မဟုတ်ပေလော။
သို့ပေမယ့် မည်သို့၊ မည်မျှပင် အောင်မြင်မှုတွေနှင့် ဝေးကွာနေပါစေ ကျွန်တော်တို့ ရန်ကုန် ပရိတ်သက်တွေ၏ စိတ်ထဲမှ ရန်ကုန်ယူနိုက်တက် အပေါ် အချစ် လျော့သွားခြင်း၊အားပေးမှု လျော့သွားခြင်း လုံးဝ မရှိပေ။ အခြေအနေ အကြောင်းကြောင်း အရသာ ကွင်းဝင် ပရိတ်သတ် နည်းသွားခဲ့သော်လည်း အားလုံး၏ စိတ်ထဲ ၊နှလုံးသားထဲတွင် ရန်ကုန် ယူနိုက်တက်၏ ပုံရိပ်က ခမ်းနားနေတုန်း ၊ ရှင်သန်နေတုန်းသာ ရှိ၍ ချစ်သောစိတ်ဓာတ် အနည်းငယ်မျှ အရာ မယွင်းခဲ့ပါ ။ ပုံစံများ အမျိုးမျိုးသော ပြောင်းလဲ ကျင်းပလာခဲ့သည့် နေရှင်နယ်လိဂ်သည် တတိယသက်တမ်း ၂၀၁၁ အရောက်တွင် အရောင်အသွေးများ ပိုမိုစုံလင် လာခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများလည်း ပိုမိုများပြား လာခဲ့သည် ။နေပြည်တော် FC ကဲသို့ အကောင်းဆုံး ဖျက်မြင်း အသင်းသစ်များလည်း ပါဝင်လာခဲ့ပြီး ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန် လာခဲ့သည်။ ထိုနှစ်၌ပင် ရန်ကုန် ယူနိုက်တက်၏ မဟာပြိုင်ဘက်ဖြစ်သော ရတနာပုံ အသင်းမှလည်း AFC President’s Cup ဖလားကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း တစ်သင်း အနေဖြင့် ပထမဆုံး ဆွတ်ခူးပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည် အထိ ခြေစွမ်း ကောင်းမွန်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ ချန်ပီယံ မျှော်လင့်ချက်ကို ပျက်ပြယ်စေခဲ့သော အဓိက ပြိုင်ဘက် အသင်းပင် ဖြစ်သော်ငြှားလည်း နိုင်ငံ ကိုယ်စားပြု အသင်း အနေဖြင့် ဆွတ်ခူးပေး ခဲ့သည့် အတွက် ရတနာပုံ အသင်း ဖလားယူချိန်တွင် ကျွန်တော်လည်း ကျေနပ် ပျော်ရွှင်မိပါသည်။ ၂၀၁၁ ခုနှစ်သည် ရတနာပုံ အတွက် ကနဦး အပျော်များ ဆောင်ယူခဲ့ပြီး ရန်ကုန် ယူနိုက်တက် အတွက်မူ နောက်ဆုံးပိတ် အပျော်များ ချန်ထား ပေးခဲ့သည် ။
ရန်ကုန်ယူနိုက်တက် အသင်းအတွက် ၂၀၁၁ ခုနှစ်သည် တကယ့်ကို မင်္ဂလာနှစ်ဖြစ်ခဲ့ပြီး ဖလား ဆာလောင်နေသော ပရိတ်သတ်၏ ခံစားချက်ကို အကောင်းဆုံး ပေးဆပ်သည့် အနေဖြင့် အလွန် ခက်ခဲသော ၂၀၁၁ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ် ဖလားကို ရန်ကုန်မြေသို့ အရ ယူဆောင် ပေးခဲ့သည်။ ပျော်ရွှင်မှုများနှင့် အားပေးသံများ လွှမ်းခြုံခဲ့သော ထိုညနေသည် ရန်ကုန်ယူနိုက်တတ် ပရိတ်သတ်တို့အား မျက်ရည်များ လည်စေသည့် အထိ ၀မ်းသာ ပျော်ရွှင်မှုများကို ထုံးဖွဲ့စေခဲ့သည်။ ယခု ၂၀၁၂ တွင်လည်း ရန်ကုန် ယူနိုက်တက်အသင်းမှာ ပရိတ်သတ်တို့ အပေါ် တာဝန်ကျေစွာဖြင့် နေရှင်နယ်လိဂ် ဖလားကြီးကို ထပ်မံ အရ ယူပေးခဲ့ပြန်သည်။ မြန်မာနေရှင်နယ်လိဂ် ဖလားအား နှစ်နှစ်ဆက်တိုက် အရ ယူပေးခြင်းဖြင့် အသင်း၏ ပရိတ်သတ်တို့၏ အသင်းအပေါ် ဂုဏ်ယူစွာ အားပေးခဲ့ခြင်း အပေါ် အကောင်းဆုံး ပြန်လည် ပေးဆပ်ခဲ့သည် ။ ကျွန်တော်တို့ ပရိတ်သတ် အနေနှင့်လည်း ဂုဏ်ယူဝံ့ကြွား နိုင်ခဲ့ပါပြီ ငါတို့အသင်းလည်း နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖူးသည် ဟူသော စကားသည် ကျွန်တော်တို့၏ တိတ်ဆိတ်ခဲ့ရသော ရက်လနှစ်တွေကို အကောင်းဆုံး ဖြေရှင်းချက် အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။ အနာဂါတ် အတွက် မျှော်လင့်ချက်များကို အသက် သွင်းပေးခဲ့သည ။ ရန်ကုန် ယူနိုက်တက် အသင်း၏ အောင်မြင်မှုများသည်ကား ယခုမှ နိဒါန်းအစချီ ထုဆစ် ပုံဖော်ရုံသာ ရှိသေးသည်။ နောက်ပိုင်းတွင် ဒီထက် ခမ်းနား ကြီးကျယ်သော သမိုင်း မှတ်တမ်းကောင်းများ ရေးထိုးရန် အတွက် ဆန္ဒပြင်းထန် မာန်ဟုန်မြန်သည့် ကစားသမားများ ၊ ကြိုဆိုအားပေး လမ်းခင်း ပေးတတ်သည့် အသင်းနှင့်အတူ အူလှိုက်သဲလှိုက် အပြည့်အဝ အားပေးမည့် ပရိတ်သက်ကလည်း အဆင်သင့် ရှိနေပေသည်။
အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် လူသားပီပီ အလိုကြီး စိတ်က အတော မသတ်နိုင်ခဲ့ပါ ။ အကြောင်းကား ရန်ကုန် ယူနိုက်တက် ပါဝင်ခဲ့သော AFC Cup 2012 တွင်လည်း ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း ဗိုလ်စွဲရန် အထိကြီးကြီးမားမား မျှော်လင့်ချက်ကို ထားခဲ့ပါသေးသည်။ သို့သော် ကျွန်တော် အပြည့်အ၀လည်း မမျှော်လင့် ရဲခဲ့ပါ။ AFC Cup တွင် စောပြီး ကျင်လည်ခဲ့ကာ သဘာနှင့် ကျွမ်းကျင်မှုများဖြင့် အသားကျနေသော အိမ်နီးချင်း ကလပ် အသင်းများကို ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် ကျော်လွှားနိုင်ဖို့ ဆိုသည်မှာ မျှော်လင့်ချက်က ၀ိုးတ၀ါးသာ ဖြစ်ခဲ့ရသည်။
သို့ပေမယ့် အသင်းကိုချစ်သော စိတ်ကြောင့် အလုပ် မအားသည့်ကြားမှ ထိုင်းကလပ် ချောင်ဘူရီ နှင့်ကန်သော ပွဲတွင် ကွင်းထဲအရောက် အားပေးဖြစ်ခဲ့သည်။ ပွဲပြီးကာနီးမှ ပေးလိုက်ရသော ဂိုးဖြင့် ရန်ကုန် ယူနိုက်တက်အသင်း သရေ ကျခဲ့သော်လည်း ကျွန်တော်၏ အသင်း အပေါ်တွင် နေရာ တစ်နေရာ ရရှိမည်ဟူသော ယုံကြည် မျှော်လင့်ချက်သည် ပိုမိုတောက်ပ လာခဲ့သည်။ ရန်ကုန် ယူနိုက်တက်၏ အုပ်စုတွင် ချောင်ဘူရီ အသင်းမှာ အတောင့်တင်းဆုံးဟု အများ ယူဆ ထားသောကြောင့် အခြား အသင်းများကို ထိုအသင်းလောက် စိတ်ဝင်စားမှု မရှိခဲ့ပါ။ ချောင်ဘူရီကို သရေ ကစားနိုင်လျှင် ကျန်အသင်းများနှင့် တွေ့လျှင် အခြေအနေ ကောင်းလိမ့်မည် ရန်ကုန် ယူနိုက်တက် အတွက် မဆိုးလှဟု တွေးနေမိသည်။ ကျွန်တော့် အတွေးများ မမှန်ခဲ့သည် အတွက် ၂၀၁၃ တွင် အသင်း အနေဖြင့် ချေဖျက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ။
ထိုအထဲတွင် အလို မကျမိသည်က ချောင်ဘူရီ နည်းပြ၏ စကားပင် သူတို့၏ အိမ်ကွင်းတွင် အနည်းဆုံး ၅ ဂိုးသွင်းမည် ဆိုသည့်စကားသည် ရုတ်တရက် ကြားပါက ရန်ကုန် ယူနိုက်တက်ကို ဦးတည်ပြောသည်ဟု ယူဆနိုင်သော်လည်း သေသေချာချာ တွေးလျှင် ဒီစကားသည် မြန်မာနေရှင်နယ်လိဂ် အသင်းအားလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ထိုစကားသည် ကျွန်တော့ရင်ကို တည့်တည့်မှန်ကာ ကန်ချက်ပြင်းသော ဘောလုံးတစ်လုံး ထိမှန်သကဲ့သို့ အခံရ ခက်လှသည့် ဝေဒနာဆိုးကို အပြည့်အ၀ ဖန်းတီးခဲ့သည်။ လက်ရှိ ချန်ပီယံ အသင်းကို ၅ ဂိုးသွင်းမည်ဟု ဆိုလျှင် ကျန်အသင်းများ ဆိုလျှင် ထည့်ပြောစရာ လိုတော့မည် မဟုတ်ဟူသော အဓိပ္ပာယ်သို့ အလိုလို သက်ရောက်နေပေသည်။ အရပ်စကား အတိုင်းသာ ပြောရလျှင် ဒီနိုင်ငံက အသင်းက ဘာမို့လို့လဲဟုပြောနေပေလိမ့်မည်။ အုပ်စု အဆင့်၌ပင် ရန်ကုန် ယူနိုက်တက်အသင်း ကျန်ရစ်ခဲ့သော်လည်း ချောင်ဘူရီ နည်းပြ၏ အဆိုအတိုင်း ၅ ဂိုး မပေးခဲ့ရသည့် အတွက် ကျေနပ်သည်ဟု့သာ ရသေ့စိတ်ဖြေ ဖြေလိုက်ရတော့သည်။ထို့အပြင် သတိပြု မိလိုက်ရသည်ကား ရန်ကုန် အသင်းအနေဖြင့် နိုင်ငံတကာ အဆင့် အလယ်အလတ် ပြိုင်ပွဲများ အတွက် အဆင်သင့် မဖြစ်သေးပါလား ဟူသော အသိလေးပင် ဖြစ်ပါသည်။
နောင်နှစ် AFC Cup 2012 တွင်တော့ ကျွန်တော် အားပေးသော ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် အကောင်းဆုံး အနေအထားဖြင့် ယှဉ်ပြိုင်နိုင် လိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။ ပဏာမ မြန်မာ လက်ရွေးစင် အသင်းတွင် ၉ ဦးအထိ အရွေးခံခဲ့သော ရန်ကုန် အသင်း ကစားအမားများ၏ အစွမ်းသည် တော်ရုံ အစွမ်းတော့ ဖြစ်လိမ့်မည် မဟုတ်။ ယခင် အချိန်များကကဲ့သို့ မျက်နှာကြီးရာ ဟင်းဖက်ပါ ဆိုသောခေတ်သည် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ လိုအပ်ချက် အချို့ရှိသော်လည်း လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်၏ နိုင်ငံခြား ကစားသမားများကလည်း အသင်းနှင့် အတော်လေး အံဝင်လျှက် ရှိပြီး၊ သင့်တော်သော နိုင်ငံတကာ ခြေစမ်းပွဲများ ပြုလုပ်လျှင် အသင်းအတွက် ပိုပြီး ခြေစွမ်းကောင်းလာဖို့သာ ရှိတော့သည်။ အသင်း အပေါ်တွင် ရည်မှန်းချက် ကြီးမားစွာ ထားသော အသင်း၏ ပိုင်ရှင်မှလည်း သင့်တော်သော အပြောင်းအလဲများကို ပြုလုပ်ပေးမည် ဆိုသည်ကလည်း သံသယ ဖြစ်ဖွယ်မရှိပါ။ မြန်မာနေရှင်နယ်လိဂ်၏ နှစ် နှစ်ဆက်တိုက် ချန်ပီယံ ဟူသော ဂုဏ်ပုဒ်အပြင် အာရှ၏ အလယ်အလတ် အဆင့်တွင်ပါ ချန်ပီယံဟု ဆိုလျှင်မည်မျှ အထိ ဂုဏ်ယူဖို့ ကောင်းလိုက်မည်နည်း။ ထိုအခြေအနေ ရောက်ရှိရန်လည်း လက်ရှိ ချန်ပီယံအသင်း အတွက် တကယ်ကြိုးစားလျှင် အဟုတ်ဖြစ်လိမ့်မည်ဟူလည်း ကျွန်တော်တို့ ပရိတ်သတ်များမှ ရန်ကုန်ယူနိုက်တက် အသင်း အပေါ်တွင် အပြည့်အ၀ ယုံကြည်ပါသည် ။
ထို့အပြင် AFC Cup တွင် သတိထားမိသည်ကား အသင်းစွဲစိတ် မရှိတော့ခြင်းပင် ဧရာဝတီ အသင်း၏ ပွဲစဉ်များကိုလည်း ရန်ကုန် ပရိတ်သက်များ စိတ်ဝင်စားသည် ၊ ကွင်းထဲအရောက် အားပေးခဲ့ကြသည် ။
ဧရာဝတီ အသင်းနေရာတွင် ရတနာပုံ အသင်းပင် ဖြစ်စေဦး ရန်ကုန် ပရိတ်သတ်များကလည်း အားပေးမည်မှာ အသေအချာပင် ဖြစ်သည် ။ ရတနာပုံ အသင်း၏ AFC Cup ပွဲများတွင်လည်း ကျွန်တော်တို့ ရန်ကုန် ပရိတ်သတ်များက ရတနာပုံ ပရိတ်သက်များနှင့် တသွေးတည်း တသားတည်း အားပေးခဲ့ကြသည်က သာဓကပင် ဖြစ်သည်။ ချစ်ကြည် ရင်းနှီးစွာ ပုခုံးဖက်၍ ရတနာပုံ ၊ ရတနာပုံ ဟုသံပြိုင် ခုန်ပေါက်အော်ခဲ့ဖူးကြသည် ။
နေရှင်နယ်လိဂ်တွင် ကစားသမားများက တစ်သင်းနှင့် တစ်သင်း မိမိတို့အသင်း အနိုင်ရရန် အင်တိုက် အားတိုက် ကြိုးပမ်းကြသည်။ ပရိတ်သတ်များကလည်း အပြန်အလှန် စကားစစ် ထိုးကြသည် ၊ ငြင်းခုန်ကြသည်။ ပျော်ဖို့ အလွန်ကောင်းပါသည်။ နောက်ကြ ပြောင်ကြသကဲ့သို့ ဖြစ်သောကြောင့် ချစ်စရာပင် ကောင်းသေးသည်။ ထိုကဲသို့ အပြောလေးများကြောင့် ဘောလုံးပွဲကို ပိုမိုအသက် ၀င်စေသည်။ အားပေးရသည်ကိုက မိမိပါ ကွင်းထဲတွင် စီးမြော သွားသကဲ့သို့ ခံစားရပါသည် ။ ထိုအထဲတွင် ရုတ်ရင်း ကြမ်းတမ်းသော အပြောများ၊ အပြုအမူများ ပါလာရင်တော့ ကစားပွဲသည် ကြည့်မကောင်းတော့။ ဘောလုံး သမားများ ကြမ်းတမ်းလျှင် အနီကဒ်များဖြင့် ဒိုင်များက ချီးမြင့်ကြပြီး ပွဲ၏ အရသာမှာ ပျက်စီး ရတော့သည်။ ပရိတ်သက်များ ကြမ်းတမ်းလျှင် အနီကဒ်ပြမည့် သူမရှိပွဲသည် ရုတ်ချင်း အကျည်း တန်သွားသည်။
နိုင်ငံတကာတွင် ပရိတ်သက် သောင်းကျန်းမှုကြောင့် ဒါဏ်ရာ ရရှိရုံမက ၊ သေဆုံးခြင်း ၊ ကွင်းပျက်စီးခြင်း ၊ အသင်းအား ပွဲကစားခွင့် ပိတ်ခြင်းများ ရှိသည်ကို ဘောလုံး ၀ါသနာရှင်တိုင်း သိရှိကြား မိကြပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း ထို့ကိစ္စများ မဖြစ်ပေါ်နိုင်ဟု ကံသေကံမ မပြောနိုင် သော်လည်း တတ်နိုင်လျှင် လုံးဝ မဖြစ်စေချင်ပါ။ ပြဿနာ ဆိုသည်က ဖြစ်ပြီးလျှင် ခံဖို့သာ ရှိသည်။ မဖြစ်ခင် ကြိုတင် သတိရှိကြတာ အကောင်းဆုံးဟု ထင်ပါသည်။ ဘောလုံး အင်အားကြီး နိုင်ငံများတွင် ပရိတ်သက် အားပေးပုံများကို မြင်ရသည်မှာ အလွန် ကြည့်ကောင်းပါသည်။ သို့သော် သူတို့လည်း အားလုံး ပြည့်စုံနေသည်တော့ မဟုတ်ပေ။ ငှက်ပျောခွံဖြင့် ပေါက်ခြင်းသည် ခေတ်စားသကဲ့သို့ ၊ အပြန်အလှန် လက်ခလယ် ထောင်ပြတတ်သည် ပရိတ်သက်များလည်း ဒု့ နဲ့ ဒေး ၊ တားဆီးထားသည့် ကြားမှ လေဆာပွိုင်တာဖြင့် ထိုးသည်ကလည်း ပွဲတိုင်းလိုလို ရှိပါသည်။ ထိုကဲ့သို စုန်းပြူး ပရိတ်သတ် များကြောင့် အသင်း၏ ပရိတ်သတ် အားလုံး ၀ါးလုံးရှည်ဖြင့် သိမ်းရမ်းခံရသကဲ့သို့ ဖြစ်ရသဖြင့် ထိုကဲ့သို ပရိတ်သတ်များကို တွေ့ရှိက အားလုံး ဖေးဖေးမမ စည်းရုံးသင့်ပါသည်။ ထိုသူအား ၀ိုင်းအပြစ်ပြော၍ မရပါ ၊ သူ၏ စိတ်တွင်လည်း ကျွန်တော်တို့ ကဲ့သို့ အသင်းအား ချစ်သောစိတ်၊ မခံချင်သော စိတ်က ရှိနေမည် ဖြစ်သောကြောင့် စည်းရုံးခြင်းသာလျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
မြန်မာ နေရှင်နယ်လိဂ်၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ ဘောလုံးလောက တိုးတက်ရန် ဟူသည်က အဓိက ရည်ရွယ်ချက်ဟု ထင်ပါသည်။ ဘောလုံးလောက မတိုးတက်ခင် ပရိတ်သတ် အရင် တိုးတက်နေသည် ဟုမြင်မိပါသည်။ ပရီးမီးယားလိဂ် ကဲ့သို့ လူမျိုးရေး ခွဲခြားမှုများ ၊ စီးရီးအေ ကဲ့သို့ အားပေးမှုပြင်းထန် ပုံများ ၊စကောတလန် ကဲ့သို့ ပရိတ်သက် အချင်းချင်း တုန့်ပြန်ပုံများဖြင့် နေရှင်နယ်လိဂ်သည်လည်း အသက် ၀င်လှပါသည်။ တာဝန် ရှိသူများကလည်း သံဇကာ ကွက်များ ကာခြင်းဖြင့် ကွင်းများအား ချက်ချင်း အဆင့်မြင့်ထားသကဲ့သို့ ၊ ပရိတ်သတ်များကလည်း လှေကားထောင့်များတွင် အပေါ့ သွားပေးခြင်းဖြင့် ဆက်လက် ချီးမြှောက်ကြပါသည်။ တာဝန်ရှိသူများမှ မြန်မာဘောလုံး တိုးတက်ရန် ကြိုးစားနေသည်ကို ပရိတ်သက်မှလည်း ကျွန်း ကိုင်းမှီ ၊ ကိုင်း ကျွန်းမှီ ဖြင့် အကူအညီ ပေးချင်ပါသည်။ ပေးလည်း ပေးသင့်ပါသည်။ သို့သော် အမြန်ဆုံး ပြုပြင်သင့်သော အရေးပင် ဖြစ်သော်လည်း မသိလိုက် မသိဘာသာဖြင့် အများအမြင် မတင့် သိက္ခာကျနိုင်သော ထိုကိစ္စလေးကိုပင် ယခုအချိန်ထိ မေ့ထား လွှတ်ထားလေသည်။
ဘယ်လိုပဲ အခြေအနေများပင် ဖြစ်စေဦး မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကတော့ အားပေး နေဦးမှာ ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်ယူနိုက်တက် ပရိတ်သတ်များကလည်း အသင်းကို အပြည့်အ၀ အားပေးနေဦးမည် ဖြစ်သကဲ့သို့ ပြိုင်ဘက် အသင်းများမှလည်း နောက်လာမည့် ပြိုင်ပွဲများတွင် ခြေစွမ်းများ ယခုနှစ်ထက် အဆမတန် ကောင်းမွန်နေရန် မျှော်လင့်မိပါသည် ။ ၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းမှလည်း လာမည့်နှစ်တွင် ယှဉ်ပြိုင်မည့် AFC Cup တွင် ယခင်ထက် ပိုမိုသော အဆင့် တစ်ခုတွင် ရပ်တည် နိုင်လိမ့်မည်ဟု တောင်းတမိပါသည်။
ရန်ကုန် အသင်းအား ချန်ပီယံ အဖြစ် နှစ်စဉ်အမြဲ ထာဝရ မြင်ချင်သော်လည်း ပြိုင်ဘက်အသင်းများ ခြေစွမ်း ကျနေပါစေဟုလည်း ကလေး တစ်ယောက်ကဲ့သို့ ဆုမတောင်းချင်ပါ ။ ပြိုင်ဘက် ကောင်းမှသာ အရည်အချင်းကောင်း အစစ်အမှန် ပေါ်ထွက်လာနိုင်မည် ၊ အရည်အချင်းကောင်း အစစ်အမှန်များပေါ်မှသာ မြန်မာ ဘောလုံးလောက အတွက် အကောင်းဆုံး အသုံး ချနိုင်ပေလိမ့်မည်။ ထိုအခါမှသာ ဟိုယခင် အချိန် ရွှေထီးများ ဆောင်းခဲ့သကဲ့သို့ နိုင်ငံတကာ အောင်မြင်မှုများဆီ ပြန်လည် ဦးတည်လာနိုင်မည်ဟု ကျွန်တော့ အနေဖြင့် ထင်မြင် ယူဆမိပါတော့သည် ။
www.soccermyanmar.com တွင် ရေးသားထားသော ရန်ကုန်ပရိသတ်
No comments:
Post a Comment