အမြဲတမ်းကိုဇွဲကသန် မလွဲတမ်းဗိုလ်စွဲရရန် မာန်ဟုန်ပြင်းစွာကန်မည်အမှန် ရန်ကုန်အသင်းသာချန်ပီယံ။
Powered by Blogger.

ဇွဲကပင် လူငယ် အသင်းကို ရန်ကုန် လူငယ် အသင်း (၃-၁)ဖြင့် အနိုင်ရ

ပြီးခဲ့သည့် အပတ်က ရက္ခပူရကို ဂိုးပြတ် အနိုင်ရပြီး ပုံမှန် ခြေစွမ်း ပြန်ရနေသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ယခု တစ်ပတ် တွင်လည်း ဇွဲကပင် ယူနိုက်တက် အသင်းကို (၃-၁)ဖြင့် အနိုင်ရပြီး ဇယားထိပ်ပိုင်းမှ အသင်းများကို ဖိအား ပေးနိုင်ခဲ့သည်။

ရန်ကုန်အသင်း အတွက် ဂိုးများကို ထူးကျော်၊ အောင်ကျော်ထွေးနှင့် ဆက်ဖြိုးဝေ တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ဇွဲကပင် အတွက် တစ်လုံးတည်းသော ချေပဂိုးကို စောမိုဆာက သွင်းယူခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အသင်းသည် ယခုပွဲတွင် ဂိုးသမား အဖြစ် ရန်အောင်၊ နောက်တန်းတွင် ထူးကျော်၊ အောင်ဇော်နိုင်၊ ရဲနိုင်၊ ဇာနည်ထက်၊ အလယ်တန်းတွင် စည်သူအောင်၊ ရန်နိုင်အောင်၊ ထိန်လင်း၊ ဇော်ဝင်း၊ ရှေ့တန်းတွင် အောင်ကျော်ထွေး (အသင်းခေါင်းဆောင်) နှင့် သန်းထက်အောင်တို့ ပွဲထွက်ခဲ့သည်။

ဇွဲကပင်အသင်း တွင်လည်း ကောင်းသန့်ဇင်၊ မိုးဝင်း၊ စောမိုဆာ၊ ဇော်ပြည့်စုံ အစ ရှိသည့် ကစားသမားများ ပါဝင်လာခဲ့ပြီး ပွဲအစ ကတည်းက အကြိတ်အနယ်နှင့် ကြည့်ကောင်းခဲ့သည်။

ပထမပိုင်းတွင် ဇွဲကပင် အသင်းမှ ကောင်းသန့်ဇင်၊ ဇင်မင်းဟိန်း တို့၏ တိုက်စစ်ကို ရန်ကုန် ခံစစ် သမားများ အလူးအလဲ ကာကွယ်ခဲ့ရပြီး ပထမပိုင်း ၆ မိနစ်တွင် ကောင်းသန့်ဇင် ပယ်နယ်တီ ဧရိယာထိပ်မှ အပိုင် ကန်ခွင့် ရသော်လည်း ဂိုးဘားပေါ် ကျော်ခဲ့သည်။

ဇွဲကပင် အသင်းက တောက်လျှောက် တင်ကစား လာခဲ့ပြီး ပထမပိုင်း ၁၅ မိနစ်တွင် ရန်ကုန် ညာနောက်ခံလူ ဇာနည်ထက် ဒဏ်ရာ ရသွားသောကြောင့် အတွေ့အကြုံရှိ တိုက်စစ် ကစားသမား လွင်ကိုနိုင်ကို ထည့်ပြီး ရန်ကုန် အသင်း ကစားကွက် ပုံစံ ပြောင်းခဲ့သည်။ သို့သော် ဇွဲကပင် အသင်းကပင် ဂိုးကန်သွင်းမှုများ ထပ်မံ ပြုလုပ်ခဲ့ပြီး ၃၃ မိနစ် အရောက်တွင် ဇွဲကပင် တိုက်စစ်မှူး ကောင်းသန့်ဇင် အပိုင် ခေါင်းတိုက်သည်ကို ရန်ကုန် ဂိုးသမား ရန်အောင် အံ့သြဖွယ် လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သည်။

ပထမပိုင်း ပြီးခါနီးတွင် ရန်ကုန် ကစားကွက် တည်ငြိမ်လာပြီး မိနစ် ၄၀ တွင် ရန်ကုန် ဘယ်နောက်ခံလူ ထူးကျော် ဘယ်တောင်ပံမှ အမှတ်မထင် ကန်သွင်းမှုကို ဇွဲကပင် ဂိုးသမား စောလတ်ကိုး ကာကွယ်ပုံ အားနည်း သောကြောင့် ဂိုးပေး လိုက်ရပြီး ရန်ကုန်တို့ ဦးဆောင်ဂိုး ရခဲ့သည်။

ဒုတိယပိုင်း အစတွင် နှစ်သင်းစလုံး တိုက်စစ်ကို ပိုမို ဖွင့်ကစား လာပြီး ၄၈ မိနစ်၌ ဇွဲကပင် အလယ်တန်းလူ စောမိုဆာ နောက်ပြန် ကန်သွင်းပြီး ဇွဲကပင် အသင်း ချေပဂိုး ရခဲ့သည်။

ချေပဂိုး ပေးရ ပြီးနောက် ရန်ကုန် အသင်း တည်ငြိမ်သွားပြီး တိုက်စစ် ကစားသမား လွင်ကိုနိုင်၏ နေရာယူ ရွေ့လျား ထိုးဖောက်မှု များကြောင့် ဇွဲကပင် နောက်တန်း အသည်းအသန် ထိန်းခဲ့ရပြီး ၆၃ မိနစ်တွင် လွင်ကိုနိုင် ဖန်တီး ပေးသည် မှတဆင့် အောင်ကျော်ထွေးက ပိတ်သွင်းပြီး ရန်ကုန် အသင်း ဦးဆောင်ဂိုး ထပ်မံ ရခဲ့သည်။

၆၇ မိနစ်တွင် ရန်ကုန် အသင်း တိုက်စစ်မှူး များ၏ ကန်သွင်းမှု များကို ကာကွယ် နိုင်ရန် အတွက် ဇွဲကပင် အသင်းက ဂိုးသမား စောလတ်ကိုး အစား စောအဗန်ဂျွန်ကို လူစားလဲ ထည့်သွင်းခဲ့သည်။ ရန်ကုန် အသင်း တိုက်စစ် အရှိန်မကျဘဲ ဆက်တိုက် ဖိကစား နိုင်ခဲ့ရာ ၇၂ မိနစ်တွင် သန်းထက်အောင်၊ လွင်ကိုနိုင်၊ အောင်ကျော်ထွေးတို့၏ ၃ ယောက်ပေါင်း တိုက်စစ်ဖြင့် အပိုင် ကန်သွင်းခွင့် ရခဲ့ သော်လည်း အောင်ကျော်ထွေး အဆုံးသတ်ပုံ အားနည်း သောကြောင့် ဇွဲကပင် သက်သာခဲ့သည်။

ရန်ကုန်အသင်း တိုက်စစ်အား လုံးဝ မကျဘဲ နောက်ထပ် ဂိုးများရရန် တင်ကစား လာသောကြောင့် ဇွဲကပင် အသည်းအသန် ခံစစ် ကစားခဲ့ရပြီး ၈၈ မိနစ်တွင် ရန်ကုန် အသင်း အနိုင် သေချာစေမည့် တတိယဂိုးကို လွင်ကိုနိုင် ဖန်တီး ပေးသည် မှတဆင့် ကွင်းလယ်လူ ဆက်ဖြိုးဝေက နောက်တန်း ၂ ဦးကို ကျော်ဖြတ်ပြီး အပိုင် သွင်းယူခဲ့သည်။

ယနေ့ နိုင်ပွဲနှင့် ပတ်သက်၍ ရန်ကုန် လူငယ် အသင်း နည်းပြချုပ် ဦးအေးနိုင်က ကစားသမားများ၏ ကြိုးစား အားထုတ်မှုကို ချီးကျူးခဲ့ပြီး ဇွဲကပင် အသင်း၏ အပိုင် ကန်သွင်းမှု လေးကြိမ်ခန့်ကို ကာကွယ်ခဲ့သည့် ဂိုးသမား ရန်အောင်၏ ယနေ့ပွဲ လက်စွမ်းကို ကျေနပ်သည်ဟု ပြောကြားခဲ့သည်။

ဓါတ်ပုံများကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/media/set/?set=a.10151832968460226.879372.324058775225&type=1 


www.ygnutd.com


No comments: